address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 16, 2013

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုများအတွက် သံသယရှိသူများကို ဖမ်းဆီး


16.10.2013

ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု အပါအဝင် ရန်ကုန်၊ မန္တလေးမြို့ ကြီးများတွင် ပြည်သူ အများ အထိတ်တလန့် ဖြစ်စေခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုများ အတွက် သံသယရှိသူ များကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုနှင့် Western Park Ruby စားသောက်ဆိုင်တွင် ဗုံးထောင်မှု များအတွက် ပြစ်မှုကျုးလွန်သည်ဟု သံသယရှိသော အသက် ၂၆ နှစ်အရွယ် စောမြင့်လွင်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် သထုံခရိုင် ဘီလင်းမြို့နယ် ဘီးလင်း-နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ် စီးလာစဉ် ဘီလင်းမြို့မရဲစခန်း နယ်ထိန်းခေါင်း ဆောင်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ သထုံခရိုင်နှင့် ဘီလင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးကပြောကြားသည်။"ရန်ကုန်က လိုက်လာတဲ့ အဖွဲ့တွေက ပြန်ခေါ်သွား ပါပြီ။ ကျောက် တံတား စခန်းမှာ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်" ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

မြင့်လွင်သည် အသက် ၂၆ နှစ် အရွယ်ရှိပြီး ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း၊ စောမြင့် လွင်ကို အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်တွင် မိုင်းတွေ့ရှိစဉ် ကတည်းက စတင်ခြေရာခံမိခဲ့ပြီး ၄င်း၏ မှတ်ပုံတင် တက္ကစီကားပေါ်တွင် မေ့ကျန်ခဲ့ရာမှ နေရပ်လိပ်စာကို အတည်ပြုနိုင် ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းများတွင် ရရှိထားသော သံသယရှိ ခံရသူ၏ ပုံစံသည် စောမြင့်လွင်၏ ပုံသဏ္ဌာန် နှင့် ဆင်တူကြောင်း၊ ၄င်း၏ နေရပ်လိပ်စာနှင့် နီးစပ်သော သထုံခရိုင်တွင်းရှိ မြို့ နယ်လေးခုတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် သထုံခရိုင်နှင့် မြို့နယ်လေးခုမှ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

စောမြင့်လွင်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်အဖွဲ့က ရန်ကုန်မြို့သို့ ခေါ်ဆောင်ပြီး စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု The Voice ၏ သတင်းရင်းမြစ်များ ထံမှ သိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရှိခဲ့သည့် လက်ပစ်ဗုံးပိုင်ရှင်ဟု ယူဆရသူ မြန်မာနိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသူ တစ်ဦး ကို ခေါ်ယူစစ်မေး နေသော်လည်း ထူခြားမှု တစ်စုံတစ်ရာ မတွေ့ရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

"ဆိုင်မှာ တပ်ထားတဲ့ CCTV ကင်မရာနဲ့ ဝန်ထမ်းတွေကို စစ်ဆေးချက် အရကတော့ သူတို့နှစ်ယောက်ကို သံသယရှိ တယ်လို့ ဆိုကြတယ်။ ဆက်လက် စစ်ဆေးနေဦးမှာပါ" ဟု ၄င်းက ဆိုသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ကုန်သည်ကြီးများ ဟိုတယ် အခန်း အမှတ် ၉၂၁ တွင် အောက်တိုဘာလ ၁၄ ရက်နေ့ ည ၁၁နာရီ မိနစ် ၂၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ အခန်းတွင် တည်းခိုနေသော အသက် ၄၃ နစ်အရွယ် အမေရိကန်နိုင်ငံသူမှာ လက်နှင့် ဘယ်ပေါင်၊ တင်ပါးနှစ် ဖက် တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ၄ နာရီခန့် အကြာတွင် စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်နှင့် ကောင်းမှုတော်စေတီ စောင်းတန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၃ရက်နေ့ ကလည်း ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင် အနီးနှင့် သာကေတမြို့နယ် မာန်ပြေရပ်ကွက်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့တော်နှင့် မန္တလေး မြို့တော်တို့တွင် ကုန်သည်ကြီများဟိုတယ် ဗုံးကွဲမှုနှင့် လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံသတင်း ထောက်များထံမှ သိရှိရသည်။

်မြန်မာတစ်နိုင်ငံလုံးတွင် အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်၊ ဗုံးတွေ့ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ ဆက်တိုက် ဖြစ်ပွားလာသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေး အထူးတိုးမြှင့်ထားကြောင်းနိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment