address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 3, 2013

မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား

                                          အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ်
3.10.2013

အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီ ဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။


အောက်တိုဘာ ၁ ရက် ညဥ့်နက်ပိုင်းက အဆိုပါဂိုဒေါင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော PSS လုံခြုံရေးကုမ္ပဏီမှ အသက် (၆၀)နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်သော ဦးတင်လှိုင်၊ ဦးဟန်သောင်းနှင့် ဦးတင်လှိုင်၏ဇနီးဖြစ်သော အသက် (၃၀)နှစ် ၀န်းကျင် ဒေါ်ကြည်ကြည်ဟန်တို့ကို အုတ်ခဲဖြင့် ထုရိုက်ခြင်း၊ ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ခြင်းတို့ကို ပြုလုပ်ခံခဲ့ရပြီး ဦးခေါင်း၊ နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ပါးစပ်နှင့်နှာခေါင်းတွင် သွေးထွက်ဒဏ်ရာ၊ မျက်ခုံးပြတ်ရှ ဒဏ်ရာ၊ မျက်လုံးဖူးရောင် ဒဏ်ရာများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဂိုဒေါင်နံဘေးရှိ ကုမ္ပဏီရုံးခန်း အပေါ် ထပ်၊ ငွေခန်းတွင်ရှိသော မီးခံသေတ္တာကိုလည်း ဖောက်ထွင်းရန် ကြိုးစားခဲ့ကြောင်း ရဲမှတ်တမ်းများနှင့် ကုမ္ပဏီတာဝန် ရှိသူတို့၏ ပြောကြားချက်များအရ သိရသည်။


''ရုံးဝန်ထမ်းတွေက ညနေ ၅ နာရီ ခွဲလောက်ဆို ပြန်ကြတယ်လေ။ မနက်ဆို ၉ နာရီ ရုံးတက်ရတယ်။ ဒီနေ့မနက်ကတော့ ခရီးသွားစရာရှိတဲ့ ၀န်ထမ်းတွေက မနက်၇နာရီလောက် ရောက်လာတယ်။ ရောက်ရောက်ချင်း ခြံတံခါးကပွင့်နေတာ  တွေ့ ရတယ်။ ပြီးတော့ ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးတင်လှိုင်ကို ရုံးခန်းရှေ့ ကားကြားထဲမှာ မှောက်ခုံကြီးတွေ့ရ တယ်။ သူ့မိန်းမ မကြည်ကြည်ဟန်ကိုလည်း မနီးမဝေးမှာ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ လူကြီးတွေကို အသိပေး အကြောင်းကြားအပြီး ဂိုဒေါင်ရှေ့မှာ ခြင်ထောင်နဲ့ အိပ်နေတဲ့ ဦးဟန်သောင်းကို ပါးစပ်မှာ အ၀တ်တွေ ပိတ်လျက်သားနဲ့ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကိုထပ်တွေ့တယ်။ နောက်ပြီး ရုံးခန်း အပေါ် ထပ် ငွေခန်းထဲက မီးခံသေတ္တာကို နံပါတ်တွေလှည့်ပြီးဖွင့်ဖို့ကြိုးစားထားတာလည်းတွေ့ရတယ်။ဒါပေမဲ့ လောလော ဆယ် စစ်ဆေးချက်တွေအရတော့ ငွေကြေး၊ ပစ္စည်းဆုံးရှုံးမှု မတွေ့ရဘူး။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဖြစ်စဉ်ဖြစ်တဲ့ အချိန်ကို ည ၁ နာရီလောက်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်က လုံခြုံရေးတွေ အပြောအရတော့ ည ၁၁ နာ ရီကျော်လောက်မှာ လူအော်သံတွေ၊ ခွေးဟောင်သံတွေ ကြားရတယ်လို့ ပြောတယ်။ ဒါလောက်ပဲ ပြောလို့ရမယ်။ ဂိုဒေါင် အနီးတစ်ဝိုက်ကလည်း လူနေအိမ်ခြေနည်းတာရယ်၊ လုံခြုံရေးကင်မရာ တပ်မထားရသေးတာရယ်ကြောင့် ကျွန်တော် တို့လည်း ဒီလောက်ပဲသိတယ်''ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျာ ဦးသက်နိုင်ထွန်းက အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က The Daily Eleven သို့ ပြောကြားသည်။


အဆိုပါသုံးလောင်းပြိုင်လူသတ်မှုနှင့် ဖောက်ထွင်းမှုကို အမှတ် ၁၁ ရဲစခန်းမှ ဒုရဲအုပ် ဆန်းညွန့်လှိုင်က တရားလိုအဖြစ်(ပ) ၄၉၈/၂၀၁၃/ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။''ဒီအမှုကို ချမ်းမြသာစည် မြို့နယ် အပိုင် နယ်မြေခံရဲစခန်းအပြင် စီအိုင်ဒီကလည်း လာရောက် စစ်ဆေးသွားပါပြီ။ ပူးပေါင်းကိုင်တွယ်ပြီး ကျူးလွန်သူတွေကို ဖမ်းမိအောင် ကြိုးစားသွားမှာပါ။ လူသုံးဦးကို ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးအောင် သတ်တာဟာ အဖွဲ့လိုက် လုပ်ဆောင် တာဖြစ်တယ်လို့ ယူဆရပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက မှုခင်းဖြစ်စဉ် အပေါ် သုံးသပ်ပြောကြားခဲ့သည်။




No comments:

Post a Comment