24.10.2013
ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို နိုဝင်ဘာလအတွင်း စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုစီမံကိန်း ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး(၂) ဦးစောအောင်ချစ်က မဇ္ဈိမကို ပြောသည်။
ဦးစောအောင်ချစ်က “စီမံကိန်းဖြစ်မြောက်ရေးအတွက် မြေတိုင်းတာတွေ ပြုလုပ်ပြီးပြီ။ နိုဝင်ဘာလမှာ ပရောဂျက်စမယ်။ စီမံကိန်းကာလ ၁၁ လ ဖြစ်တယ်။ ၂၀၁၄ ခုနှစ် အပြီး ဆောင်ရွက်သွားမယ်။ ရန်ပုံငွေ ရှာနေတုန်းဘဲ”ဟု ပြောသည်။
ဇွဲကပင်တောင် ကေဘယ်လ်ကား စီမံကိန်း စတင်လုပ်ဆောင်ရန်အတွက် ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုနှင့် ဆရာတော်သုံးပါး နိုဝင်ဘာလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မဟာသန္တိသုခကျောင်းတွင် စာချုပ် ချုပ်ဆိုမည်ဟု ဦးစောအောင်ချစ်က ပြောသည်။
ဇွဲကပင်တောင် ဆံတော်ရှင် ကေဘယ်လ်ကားစီမံကိန်းကို ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော် နှင့် သုံးထပ်ကျောင်းဆရာတော် သုံးပါးက ကြီးမှူးကာ ပြုလုပ်ခြင်း ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ် သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစတြေးလျနိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး မလေးရှားမှ ပညာ ရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ တည်ဆောက်မည် ဖြစ်သည်။ ယင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမည် ဖြစ်သည်။
အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေပွဲကိုလည်း ကရင်ပြည်နယ်နေ့တွင် ဘားအံမြို့နယ်သီရိ ကွင်းတွင် Iron Cross(IC) အဖွဲ့နှင့် ဟန်ဇာမိုးဝင်း ဇာတ်သဘင်အဖွဲ့တို့က ဖျော်ဖြေပွဲလုပ်ရန်ရှိသည်။
စီမံကိန်းလုပ်ဆောင်မည်ဆိုသော သတင်းကြောင့် ဇွဲကပင် ဆံတော်ရှင်စေတီအနီးရှိ မြေဈေးများ သုံးဆ ခန့် ပိုမိုများပြားလာကြောင်းလည်း ဦးစောအောင်ချစ်က ပြောသည်။
ကရင်ပြည်နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစောက “ဇွဲကပင်တောင်က အရမ်းမတ်တော့ ဘုရားဖူးတွေ မတက်နိုင်ကြဘူး။ ကေဘယ်လ်ကား စီမံကိန်းလုပ်မယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။ ကရင်ပြည် နယ်လည်း ဖွံ့ဖြိုးလာမယ်”ဟု ပြောသည်။
ကေဘယ်လ်ကားသည် လူ ၄၀အထိ စီးနင်းနိုင်သော အကြီးစားဖြစ်ပြီး ကေဘယ်လ်ကားကြိုးကို လျှပ်စစ် မော်တာဖြင့် ဆွဲတင်ပို့ရသည့် စနစ်ဖြစ်သည်။ ကေဘယ်လ်ကား တပ်ဆင်ပြီးသွားပါက အထက်နှင့် အောက် ၁၆၅၀ မီတာ ကွာဝေးသော ဇွဲကပင်ဆံတော်ရှင်စေတီ မိနစ်အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည်။
ထိုစီမံကိန်းအတွက် ကရင်လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကလည်း ပါဝင်ကူညီမည်ဟု စက်တင်ဘာလတွင် မဇ္ဈိမကို ပြောခဲ့ဖူးသည်။
အဆိုပါစီမံကိန်း ဖြစ်မြောက်ရေးကော်မတီတွင် KNU ၏ ဗဟိုကော်မတီဝင် ပဒိုတူးတူးလေး DKBA ဗိုလ် ချုပ်ဟောင်း ဦးစောကျော်သန်းက နာယကအဖြစ် ဦးဆောင်ပြီး နယ်ခြားစောင့်တပ် အထွေထွေအတွင်း ရေးမှူးစောချစ်သူမှ ဒု-ဥက္ကဋ္ဌ၊ KNU မှ ပဒိုရွှေမောင်းက အဖွဲ့ဝင်အဖြစ်နှင့် KNU အဖြစ် ပါဝင်သည်။ ပဒို ရွှေမောင်းသည် KNU ၏ ဇွဲကပင်တောင် ကေဘယ်လ်ကား ဖြစ်မြောက်ရေးအဖွဲ့တွင်မူ ဥက္ကဋ္ဌအဖြစ် တာ ၀န်ယူထားသည်။
အဆိုပါစီမံကိန်း ဖြစ်မြောက်ရေး ရန်ပုံငွေရရှိရေးအတွက် ဆရာတော်ကြီးများကလည်း ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မန္တလေး၊ ကလော၊ အောင်ပန်း၊ တောင်ကြီးတို့တွင် တရားပွဲများပြုလုပ်ခဲ့သလို နောင်တွင် လည်း နယ်လှည့်တရားပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment