address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး တိုင်းရင်းသားအားလုံး လုပ်ဆောင်ရန် KIO ဒုတိယဥက္ကဋ္ဌ တိုက်တွန်း


24.1.2014

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်သို့သွားနိုင်ရန် တိုင်းရင်းသားအားလုံး ၀ိုင်းတွန်းကြရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လှက ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံ စတုတ္ထမြောက်နေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

ထို့ပြင် လက်ရှိအစိုးရက တိုင်းရင်းသားများအပေါ်ထားရှိသည့် သဘောထားအမြင်သည် ယနေ့ထိပြောင်း လဲမှုမရှိသေးဘဲ တိုင်းရင်းသားအဖွဲ့များအနေဖြင့် စည်းလုံးညီညွတ်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

“အစိုးရက တိုင်းရင်းသားတွေအပေါ် အမြင်က အခုထိ မပြောင်းသေးဘူး။ ဆူပူတယ်လို့ပြောတာ ဒီနေ့ထိ ပဲ။ အပစ်ရပ်ဖို့ကိုပဲ အဓိက လုပ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲအတွက် မစဉ်းစားဘူး ဒါကို တိုင်းရင်းသား တွေအားလုံးက တွန်းရမယ်”ဟု ပြောသည်။

အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီဘက်မှ အစိုးရ၏ သဘောထားနှင့် ပတ်သက်၍ ပြောဆိုရာတွင် လိုင်ဇာကဲ့သို့သော၊ လေးဝါး (သို့) လော်ခီးလာကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ညီလာခံများ ပြုလုပ်လာနိုင်သည်ကို ကြည့်လျှင် အစိုးရဘက်မှ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည်ဆိုသော သဘောထားကို တွေ့နိုင်သည်ဟု ဆိုသည်။

မြန်မာငြိမ်းချမ်းရေးစင်တာ၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အစိုးရအနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ကို ရည်ရွယ်တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အဆင့်ဆင့်တွေရှိတယ်။ တစ်ဆင့်ပြီးတော့မှ တစ်ဆင့် ဆွေးနွေးရမှာ။ တိုင်းရင်းသားတွေဘက်က အခုပြောင်းလဲတဲ့ပုံစံပေါ်မှာ အရင်အတိတ်က ဖြစ်ခဲ့တဲ့အပေါ် တချို့အဖွဲ့တွေ အနေနဲ့ သံသယတော့ ရှိမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အားလုံးသည် နှစ်ပေါင်း ၆၀ ကျော်အထိ ပြည်သူလူထု ထောက်ခံမှုကို အပြည့်အ၀မရရှိခဲ့ဘဲ အစိုးရဘက်ကသာလျှင် အသာရနေသည့်အပေါ်ကို တိုင်းရင်းသားအားလုံးက စုစည်းမှုအတွက် စုပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူလူထုထောက်ခံမှုတွင် ဗမာတိုင်း ရင်းသားများ၏ ထောက်ခံမှုကိုလည်း ရရှိအောင် ဆောင်ရွက်ရန် လိုအပ်သလို ဗမာလူမျိုးများကလည်း တိုင်းရင်းသားများဆောင်ရွက်နေမှုကို ထောက်ခံရန်လိုအပ်မည်ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လှက ဆိုသည်။

“အစိုးရက ရန်များတယ်။ ကျွန်တော်တို့ဟာကွက်တွေကို အသုံးချပြီး တိုက်ခိုက်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ စုစည်းမှုကိုလည်း တိုက်ခိုက်နိုင်တယ်။ ဒီလိုမလုပ်နိုင်အောင်လို့ စုစည်းခိုင်မာအောင် လုပ်ဖို့ တောင်းဆိုပါတယ်။ တိုင်းရင်းသားတွေက ကိုယ့်အခွင့်အရေးကို ရဲရဲတောင်းဆို။ ဒါတောင်းတာ အစိုးရမကြိုက်ဘူးဆိုတာ မဟုတ်ဘူး။ အားလုံး ရဲရဲတောင်းဆိုပါ”ဟု ပြောသည်။

Mizzima

No comments:

Post a Comment