address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

ချမ်းမြေ့တည်းခိုခန်း ဗုံးဖောက်ခွဲသူကို လူသတ်မှုအပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေဖြင့် ထပ်မံစွဲချက်တင်


24.1.2014

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက်၊ ကန်လမ်း ချမ်းမြေ့တည်းခိုခန်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်က ဗုံးဖောက်ခွဲသူဟု ယူဆရသူ စောထွန်းထွန်းကို လူသတ်မှုပုဒ်မ လေးခု အပြင် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တောင်ငူခရိုင် တရားရုံးက ဇန်နဝါရီ ၂၃ ရက်က ထပ်မံပြီး တရားစွဲဆိုခဲ့ကြောင်း တောင်ငူမြို့မ ရဲတပ်စခန်းထံမှ စုံစမ်းသိရသည်။

တောင်ငူမြို့မ ရဲတပ်ဖွဲစခန်းက စောထွန်းထွန်းနှင့် ယင်းအမှုတွင် ဆက်စပ်သူဟု ယူဆရသူ စောတဝါးတို့ကို ပြစ်မှုပုဒ်မ ၃ဝ၂/၃၂၆/၃၂၄/၁၁၄ တို့ အပြင် ထပ်မံ၍ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မ ၃/ ပေါက်ကွဲ ၃/၅၁၂ တို့ဖြင့် တောင်ငူခရိုင် တရားရုံးတွင် တရား စွဲဆို တင်ပို့ခဲ့ခြင်းဖြစ်သည်။
"တရားခံ စောထွန်းထွန်းကို ပထမဖွင့်ထားတဲ့ လူသတ်မှုစွဲချက်တွေ အပြင် ပေါက်ကွဲ ၃ ပုဒ်မနဲ့ တောင်ငူခရိုင် တရားရုံးမှာ ထပ်မံတရားစွဲဆို ခဲ့ပါတယ်။နောက်ကွယ်က စေခိုင်းသူ စောတဝါး ကိုလည်း လူသတ်မှုတွေအပြင် ပေါက်ကွဲ ၃/၅၁၂ နဲ့တစ်ရက်တည်းမှာပဲ တရားစွဲဆိုခဲ့ပါတယ်" ဟု တောင်ငူမြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းထိုက်စိုးက ဆိုသည်။

တောင်ငူဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်ကွယ်မှ စေခိုင်းသူဟု ယူဆရသူ စောတဝါးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း ပူးပေါင်းကူညီ ဖမ်းဆီးပေးမည်ဟု ကရင်အမျိုးသား အစည်းအရုံးဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဖဒိုစောရော်ဂျာခင်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

ယမန်နှစ် အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုကြောင့် အပေါ်ထပ်အခန်းအမှတ် ၆/B တွင် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ မီးရထားရဲတပ်သားနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ အသီးသီးရခဲ့သည်။

ဗုံးဖောက်ခွဲသူဟုယူ ဆရသူ စောထွန်းထွန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီးရရှိခဲ့ပြီး နောက်ကွယ်မှ စေခိုင်းသူဟု ယူဆရသူ စောတဝါးဆိုသူကို ယနေ့တိုင် ဖမ်းဆီးနိုင် ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အကြီးတန်း ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment