address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 26, 2014

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များပါ တစ်ပြိုင်နက် ပါဝင်ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းဖြင့်သာ အစိုးရနှင့် ညှိနှိုင်းရန် တိုင်းရင်းသား လက်နက်ကိုင်များ ထိပ်သီးညီလာခံ ဆုံးဖြတ်




26.1.2014

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များပါ တစ်ပြိုင်နက် ပါဝင်ရေးဆွဲထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းဖြင့်သာ အစိုးရနှင့် ညှိနှိုင်းရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေရှိ လော်ခီးလာ စခန်း၌ ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း အဆိုပါပွဲ တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များထံမှ သိရသည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သော လိုင်ဇာညီလာခံတွင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို ဦးစွာချမှတ်ပြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးခဲ့သော်လည်း လော်ခီးလာ ညီလာခံတွင်မူ အပစ်ရပ်စာချုပ်ကို ဦးစွာလက်မှတ် ရေးထိုးပြီးမှ နိုင်ငံရေးမူဘောင်၊ နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ရန် ခေါင်းဆောင်များက ညှိနှိုင်းခဲ့ပြီး နောက်ဆုံးတွင် ဆွေးနွေးမှုများအရ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များပါ ထည့်သွင်းရေးဆွဲထားသည့် အပစ်ရပ်စာချုပ်မူကြမ်း အပေါ်တွင် သဘောတူညီ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သဘောတူသွားပြီ။ ဒါပေမဲ့ အထာနဲ့ သဘောတူတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဘောင်ဝင်အောင်သာ ပြောရတာကိုး။ အစိုးရဘက်က လိုချင်တာ အဲဒီပုံစံ။ ဒါပေမဲ့ အဲဒီပုံစံနဲ့ ဘောင်ဝင်အောင်ပြောမယ်။ ဘောင်ဝင်အောင် ထည့်ရမှာပေါ့။ ဒါပေမဲ့ တကယ့်စာချုပ်ရဲ့ အနှစ်သာရကို ကြည့်ရင်တော့ တစ်ဝက်စီပါတယ်။ မူဘောင်တစ်ဝက်၊ အပစ်အခတ် ရပ်စဲရေးတစ်ဝက် ပေါင်းပြီးတော့မှ မူဘောင်လုပ်လိုက်တော့ အဲဒါကို အစိုးရတောင်းဆိုတဲ့အတိုင်း ဒါကအပစ်အခတ် ရပ်စဲရေးစာချုပ်ပါပဲ။ ဒါပေမဲ့ မူဘောင်ထဲက တစ်ဝက်ကို ခွဲထည့်ထားတယ်။ အဲဒါကိုတော့ မပြောတော့ဘူး။ ပြီးမှ မူဘောင်ဆက်ဆွဲမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး စာချုပ်ထဲမှာပါတဲ့ မူဘောင်တွေက ဟိုဘက်ကို ကူးသွားလို့ရတယ်”ဟု နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အစီအစဉ်သည် အစိုးရ၏ သဘောဆန္ဒဖြစ်ပြီး ထိုသဘောထားကိုKNU နှင့် RCSS/SSA တို့က ထောက်ခံခဲ့သည်။ သို့သော် KIO နှင့် အခြားအဖွဲ့အစည်း များမှာမူ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ခိုင်မာမှ အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်ရန် စဉ်းစားခဲ့ပြီး ယင်းအပေါ်တွင် ညီလာခံအတွင်း အကျေအလည် ဆွေးနွေးပြီးနောက် နှစ်မျိုးလုံးပါဝင်သည့် မူကြမ်းကို အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လော်ခီးလာ ညီလာခံတွင် စာချုပ်မူကြမ်းအတွက် မူပိုင်းဆိုင်ရာ အားလုံးကို အတည်ပြုသွားမည်ဖြစ်ပြီး စာသားချောခြင်းကို NCCT အဖွဲ့က ဆက်လက်ပြုလုပ်ကာ လာမည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရနှင့် တွေ့ဆုံပွဲတွင် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်သည်။

“မူပိုင်းဆိုင်ရာ အားလုံးကို အတည်ပြုထားမယ်။ ပြီးတော့ NCCT ကို Mandate တောင်းမယ်။ ဒီထဲက စာသားချောအောင်။ ပြီးတော့ အစိုးရနဲ့ သွားပြီးတော့ ညှိနှိုင်းမယ်။ ညှိနှိုင်းလာလို့ရှိရင် ပြင်တာ ဆင်တာတွေရှိမယ်။ ပြောင်းလဲတာတွေရှိမယ်။ အဲဒါတွေကျတော့ ကျွန်တော်တို့ လက်မှတ်မထိုးခင် တစ်ခါ။ ညီလာခံအဖြစ်နဲ့ ခေါ်မလား၊ သို့မဟုတ် ထိပ်သီးတွေကိုပဲ စုပြီးတော့ ခေါ်မလား။ အဲဒီပွဲနဲ့ လက်မှတ်မထိုးခင် ထပ်ပြီးတော့ အတည်ပြုမယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဆိုသည်။

အဆိုပါ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းကို နှစ်ဖက်သဘောတူညီချက် ရရှိကာ လက်မှတ်ရေးထိုးပြီးချိန်၌ ထိုစာချုပ်ကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် နောက်ဆက်တွဲ အာမခံချက်များ ခိုင်မာစေရန် ပြင်ဆင်ထားကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားထားသည်။

(ဇန်န၀ါရီ ၂၄ ရက်က KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ စခန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ ပဉ္စမမြောက်နေ့ အခမ်းအနား ကျင်းပစဉ်)

Eleven Media Group

No comments:

Post a Comment