address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

မိုင်းလားနယ်မြေအား UWSA`၀´ နှင့် ကိုးကန့်(တိမ်းရှောင်)အဖွဲတို့ လွှမ်းမိုးအုပ်ချုပ်လာမှာကို ဒေသခံများ စိုးရိမ်




24.1.2014

NDAA(မိုင်းလား)အဖွဲ့၏ နယ်မြေဖြစ်သော မိုင်းလားမြို့ပေါ်တွင် ဇန်န၀ါရီပထမပတ်မှစ၍ UWSA `၀´ အဖွဲ့နှင့် ကိုးကန့်(တိမ်းရှောင်)အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ရောက်ရှိနေထိုင်မှု ပိုမိုများပြားလာကြောင်း ယင်းမြို့ခံများခံမှ သိရသည်။

``အရင်က ဒီမြို့က နေချင်စရာကောင်းတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်၊ ဒါပေမယ့် အခုတလော `၀´ တွေနဲ့ ကိုးကန့်တွေ အရမ်းများလာတော့ နေရထိုင်ရတာ အဆင်မပြေချင်တော့ဘူး ´´ ဟု မြို့ခံတစ်ဦးက ဆိုသည်။

NDAA(မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ရှိနေသောကာလဖြစ်၍ ပြဿနာတစ်စုံတစ်ရာ မဖြစ်သေးသော်လည်း ဦးစိုင်းလင်းမရှိတော့သည့် နောက်ပိုင်းတွင် `၀´နှင့် ကိုးကန့်တို့မှ မိုင်းလားနယ်မြေအား လွှမ်းမိုးအုပ်ချုပ်လာ နိုင်ကြောင်း မြို့ခံ ဦးစိုင်းအောင်တင့်က ပြောကြားသွားသည်။

`` အခုအချိန်က စိုင်းလင်း ရှိနေသေးတော့ ဘာမှမဖြစ်နိုင်ပေမယ့် သူမရှိတော့ရင် UWSA`၀´ အဖွဲ့နဲ့ ကိုးကန့် အဖွဲ့တွေက ဒီမိုင်းလားနယ်မြေကို လွှမ်းမိုးသွားတော့မှာ၊ ဒီမြို့ထဲမှာ `၀´နဲ့ ကိုးကန့်တွေ ခြေချင်းလိမ်နေတာ မရိုးသားဘူးလို့ပဲ ပြောချင်တယ် ´´ ဟု အသက်ခြောက်ဆယ်အရွယ် အဘစိုင်းကလည်း ပြောကြားခဲ့သည်။

အဆိုပါ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် NDAA (မိုင်းလား)အဖွဲ့နှင့် UWSA `၀´၊ ကိုးကန့်အဖွဲ့တို့အကြား နယ်မြေသတ်မှတ်မှုစည်းကမ်းများအတိုင်း လိုက်နာနေထိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ၎င်းအဖွဲ့ အချင်းချင်း ကြား မပြေလည်မှုများ တိုးပွားလာပါက ပဋိပက္ခအသွင် ဆောင်လာနိုင်ကြောင်း တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။

ယခုအချိန်တွင် NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ဇနီး ဖုန်းစင်ချွန်၏ တူတော်စပ်သူ ကိုးကန့်လူမျိုး ရဲဌာနကြီးမှူး လီအားချန်အား ဒုစစ်ဦးစီးချုပ်ရာထူးအား တွဲဖက်တာဝန်ထမ်းဆောင်ခိုင်းထားသဖြင့် မိုင်းလား ဒေသအား ကိုးကန့်လူမျိုးများ လွှမ်းမိုးအုပ်ချုပ်လာမှာကို ပိုမိုစိုးရိမ်နေကြကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းလုံစိုင်း

No comments:

Post a Comment