address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

RCSS/SSA ဥက္ကဋ္ဌရွက်ဆစ် ရာထူးမှအနားမယူရန် ၀န်ကြီးဦးအောင်မင်းက မေတ္တာရပ်ခံ


23.1.2014

ရာထူးမှ အနားယူတော့မည်ဆိုသော ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်ကို ငြိမ်းချမ်းရေးတွင် ဆက်လက်ဆောင် ရွက်စေလိုခြင်းကြောင့် ခေတ္တဆိုင်းငံ့ထားပါရန် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော် မတီဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေတ္တာရပ်ခံထားသည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ဒု-ဗိုလ်မှူးကြီး စိုင်မိန်းက ပြောသည်။

န်ကြီးဦးအောင်မင်းက ဇန်န၀ါရီလ ၁၇ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီခေါ် ရှမ်းပြည် တောင်ပိုင်းတပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်ထံ “ထာဝရငြိမ်းချမ်းရေး ရရှိသည်အ ထိ ဆက်လက်ဆောင်ရွက်သွားပါရန်”ဟူ၍ စာရေးသားပေးပို့ မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌကလည်း အပစ်အခတ်ရပ်စဲရေးကို ပထမဆုံး လက်မှတ်ထိုးတာ ဖြစ်တယ်။ ငြိမ်းချမ်းရေးဖော် ဆောင်တဲ့နေရာမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တာ။ ဒါကြောင့် ငြိမ်းချမ်းရေးကို အတူ လက်တွဲဖော်ဆောင်သွားနိုင်အောင်ဆိုပြီးတော့ တောင်းဆိုထားတဲ့သဘောမျိုးဖြစ်ပါတယ်”ဟု ဒု-ဗိုလ်မှူး ကြီးဆိုင်မိန်းက ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်က ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်ထိ ကျင်းပခဲ့သော နှစ်ပတ်လည်အစည်းအဝေး တွင် ဥက္ကဋ္ဌနေရာတွင် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်ရှိပါက သူ့အနေဖြင့် အနားယူရန် ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် ၀န်ကြီးဦးအောင်မင်းက စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သလို၊ ငြိမ်းချမ်းရေးကို ယုံကြည်မှုဖြင့် လက်တွဲပါဝင် ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ ၀န်ကြီးဦးအောင် မင်းက မေတ္တာရပ်ခံ စာပေးပို့ခြင်းဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး ဆိုင်မိန်းက ပြောသည်။
“အစိုးရအဖွဲ့က စေတနာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်လိုတဲ့ စိတ်ထား အမှန်အကန်ရှိတယ်ဆို ၀မ်းသာပါ တယ်။ ကျွန်တော်တို့ဥက္ကဋ္ဌကိုလည်း အချင်းချင်း နားလည်မှုရှိတယ်။ တန်ဖိုးအပြန်အလှန် ထားကြတယ်။

အပြန်မလှန် ယုံကြည်မှုရှိကြတယ်ဆိုတဲ့အပေါ်မှာလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ပါတယ်”ဟု သူက မဇိ္ဈမ ကို ပြောသည်။
RCSS/SSA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ၀န်ကြီးဦးအောင်မင်း ပထမဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သော အဖွဲ့ဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်ခေါင်းဆောင်သည့် MTA ခေါ် မွန်းတိုင်းတပ်မတော်သည် အစိုးရထံလက်နက်ချ ပြီးနောက် ၁၉၉၆ ခုနှစ်တွင် RCSS/SSA ကို ပြန်လည်ဖွဲ့စည်းကာ ၂၀၀၀ ခုနှစ်မှစတင်၍ လေးနှစ်တစ် ကြိမ် ကျင်းပသော ညီလာခံတွင် ထောက်ခံမဲအများဆုံးဖြင့် သုံးကြိမ်ဆက်တိုက် ၁၂နှစ်ကြာ RCSS/SSA ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ RCSS/SSA တွင် ၁၈နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီ ဖြစ် သည်။ လာမည့် ဖေဖော်ဝါရီလလယ်တွင် လေးနှစ်တစ်ကြိမ်ညီလာခံ ကျင်းပမည်ဖြစ်ကာ မဲပေးစနစ်ဖြင့် ဥက္ကဋ္ဌနေရာကို ရွေးချယ်တင်မြောက်ကြမည် ဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment