address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

လိုင်ဇာညီလာခံအပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ယုံကြည်မှုပိုရဟုဆို


23.1.2014

နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) အပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ယုံကြည်မှု ပိုမိုရရှိလာကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်

ဇန်နဝါရီလ ၂၂ ရက်နေ့က KNU ဌာနချုပ် လေးဝါးစခန်းတွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် လက်နက်ကိုင် ထိပ်သီးအစည်းအဝေးတွင် လက်နက်ကိုင် ခေါင်းဆောင်အချို့က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်နယ်မြေ လိုင်ဇာ ဌာနချုပ်တွင် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လေးရက်ကြာ ကျင်းပသည့် လက်နက်ကိုင် ထိပ်သီး ညီလာခံအပြီး အစိုးရနှင့် ကေအိုင်အေ အဖွဲ့အကြား ထိပ်တိုက်တွေ့မှုများ သိသိသာသာ လျော့ပါးလာကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။

“တိုက်ပွဲတွေ လျှော့ချလာနိုင်တယ်။ နှစ်ဖက်စလုံးက တပ်ဖွဲ့တွေက ပြဿနာ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ စစ်ရေးအရ ယုံကြည်မှု ပိုမို ရရှိလာသကဲ့သို့ နိုင်ငံရေးအရ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ယုံကြည်မှု ပိုမိုမြင့်တက်လာရန် ကြိုးပမ်း တည်ဆောက်နေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ဒုတိယ ခေါင်းဆောင်လည်းဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ရှင်းပြသည်။

ယခင်အချိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု လုံးဝ မရှိခဲ့သော်လည်း လိုင်ဇာညီလာခံ အပြီးတွင် ထိုသို့ဆွေးနွေး နိုင်ခဲ့ကြောင်း၊ အစိုးရကလည်း လိုလိုလားလား ခွင့်ပြုသည့် အတွက်ကြောင့် နှစ်ဖက်ယုံကြည်မှု ပိုမိုတိုးတက်လာကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောကြားသည်။

“ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး သွားချင်တဲ့ပုံစံနဲ့ သူတို့ လိုချင်တဲ့ပုံစံ တူချင်မှတူမယ်။ ဒါကို ညှိနေရတာတော့ ရှိတယ်” ဟု ၎င်းကရှင်းပြသည်။

လိုင်ဇာညီလာခံ ကျင်းပနေစဉ် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ထိပ်တိုက် ရင်ဆိုင်မှုများ သိသိသာသာ လျော့ကျသွားကြောင်း KIO ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment