address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 22, 2014

လှိုင်သာယာတွင် လူမနေသည့် ကျူးကျော်အိမ် ၁၀၀ နီးပါးကို ရှင်းလင်း




22.1.2014

ကျူးကျော်နေထိုင်သူ များနှင့် ရပ်ကွက်နေ ပြည်သူများအကြား မကြာခဏ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်က သက်ဆိုင်ရာ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်း၍ လူနေထိုင်ခြင်းမရှိဘဲ လာရောက် တည်ဆောက်ထားသည့် ကျူးကျော်နေအိမ် ၁၀၀ ခန့် ရှင်းလင်းဖယ်ရှား ခဲ့ကြောင်း အဆိုပါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ထံမှ စုံစမ်းသိရသည်။

အဆိုပါ ရှင်းလင်းဖယ်ရှားမှုသည် လှိုင်သာယာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ရွှေလင်ပန်းချောင်း ဘေးရှိ စည်ပင်သာယာ ပိုင်မြေကွက်ပေါ်ရှိ ကျူးကျော်နေအိမ်များ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ နှင့် ရပ်ကွက်နေပြည်သူ ၂၀၀ ဝန်းကျင်ခန့် ပါဝင်ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ရှင်းလင်းဖယ်ရှားမည့် အစီအစဉ်ကို ဇန်နဝါရီလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့များက တစ်ကြိမ်လျှင် ၂၄ နာရီ အချိန်ပေးကာ ရွှေ့ပြောင်းပေးရန် အဆိုပါ နေထိုင်သူများကို သတိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"အတိအကျ ပြောရရင် ဒီနေ့ ကျွန်တော်တို့ ဖျက်လိုက်တဲ့ ကျူးအိမ်က ၉၅ လုံးပါ။ ဆောက်ပြီး နေရာ ဦးထားတာတွေပါ။ လူမနေသေးပါဘူး။ နေလို့လည်း မရပါဘူး" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောကြားသည်။

အဆိုပါ ကျူးကျော်နေအိမ် များသည် ဇန်နဝါရီလ ဒုတိယပတ် အတွင်းကမှ စတင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ ပြောင်းရွှေ့ပေးရန် အကြောင်းကြားပြီးသည့် နောက်ပိုင်းတွင် ကျူးကျော်နေအိမ် ၂၀၀ ဝန်းကျင်ခန့်ကို လာရောက် ဆောက်လုပ်ထားသူများ ကိုယ်တိုင် ဖျက်သိမ်းရွှေ့ပြောင်းသွားခြင်း ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ကျူးကျော်နေအိမ် များတွင် နေထိုင်သူများ မရှိတော့သဖြင့် ယနေ့ဖယ်ရှား ရှင်းလင်းမှုတွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသည့်အပြင် မည်သည့်ဟန့်တား နှောင့်ယှက်မှုမျှ မရှိခဲ့ကြောင်း ရှင်းလင်းရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ လှိုင်သာယာမြို့ခံ တစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ကျူးကျော် နေထိုင်မှုများကို ရှင်းလင်းဖယ်ရှားမှုမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပြီး တွံတေးမြို့နယ၊် ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းမဘေးရှိ ကျူးကျော်နေအိမ် သုံးထောင် ဝန်းကျင်ကို ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ များတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဖယ်ရှား ခဲ့သည်။

The Voice Weekly

No comments:

Post a Comment