address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 24, 2014

ဒေါ်လာသန်း၂၀ ကုန်ကျမည့် ဇွဲကပင်တောင် Cable Car စီမံကိန်းကို ငွေကြေးအခက်အခဲ ရှိသော်လည်း ပြီးစီးသည်အထိ လုပ်ဆောင်မည်



24.1.2014

မြန်မာနိုင်ငံတွင် ယခင်ကမရှိသော ပထမဆုံး တည်ဆောက်သည့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ကုန်ကျမည့် ဇွဲကပင်တောင် Cable Car စီမံကိန်းကို ငွေကြေးအခက်အခဲ ရှိသော်လည်း ပြီးစီးသည်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဟု Cable Car စီမံကိန်း ဖြစ်မြောက်ရေး ဦးဆောင်
ဆရာတော် တစ်ပါးဖြစ်သည့် ဇွဲကပင်တောင် ဆရာတော်က The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။

ကရင်ပြည်နယ် ဘားအံမြို့ လုမ္ဗိနီဥယျာဉ်တွင် ပြုလုပ်နေသည့် အဆိုပါစီမံကိန်းကို ကမ္ဘာ့သာသနာပြု မဟာသန္တိသုခ ကျောင်းတိုက်မှ မူလပဓာနနာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်၊ သုံးထပ်ကျောင်း ဆရာတော် စသည့်ဆရာတော်ကြီး သုံးပါးမှ ဦးဆောင်ကြီးမှူး၍ မလေးရှားနိုင်ငံ ပီနန်မှ Cable Car တည်ဆောက်သည့် ကုမ္ပဏီနှင့် ဆန်းတက်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် ယင်းစီမံကိန်းကြီး ဖြစ်မြောက်ရန် ငွေကြေးလိုအပ်ချက် ရှိနေကြောင်း သိရသည်။

“ဦးပဉ္ဇင်းတို့ကတော့ စီမံကိန်းကို မဖြစ်မနေ ပြီးအောင်လုပ်မယ်၊ တစ်နှစ်မပြီးရင်လည်း နှစ်နှစ် သုံးနှစ် လုပ်မယ်၊ ပညာရှင်တွေကတော့ ငွေကြေးအဆင်ပြေရင် ၁၁ လ နဲ့ အပြီးလုပ်ပေးမယ်လို့ ပြောတယ်၊ အခုက မြေတိုင်း၊ မြေစမ်းတာနဲ့ မြေတူးတာပြီးပြီ၊ Cable ထိုင်တဲ့အဆင့် လိုသေးတယ်၊ လာဆက်သွယ်တဲ့ အပြင်က ကုမ္ပဏီတွေကတော့ သူတို့ကိုအပ်ရင် သူတို့လုပ်မယ်လို့ပြောတယ်၊ ဒါဆို အစအဆုံးပြီးလို့ ပိုက်ဆံကောက်ပြီး နောက်ပိုင်းမှာ ဘုရားဘဏ္ဍာငွေ အဖြစ်နဲ့ ပြန်အပ်ရမယ်လို့တော့ ပြောထားတယ်”ဟု ဇွဲကပင်တောင် ဆရာတော်က မိန့်ကြားသည်။

Cable Car ကိုတစ်ခေါက်လျှင် လူဦးရေ ၄ဝ အထိ စီးနင်းနိုင်ရန် ပြုလုပ်မည် ဖြစ်၍ ဆွဲတင်ပို့ရာ၌ အချင်း ၃၈ မီလီမီတာ ရှိပြီး သက်တမ်း ၁ဝ နှစ်မှ ၁၅ နှစ်အထိ ခံနိုင်ရည်အားရှိမည့် Cable ကြိုးကို လျှပ်စစ်မော်တာဖြင့် ဆွဲတင်ပို့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအပြင် လူဦးရေ ၄ဝ ကျော်လျှင် အလုပ်မလုပ်သည့်စနစ်၊ အပေါ်ရပ်နားနေရာ၊ အောက်ရပ်နား နေရာရောက်မှ တံခါးများ ဖွင့်ပိတ်နိုင်သည့်စနစ်၊ အတက်အဆင်း ပြုလုပ်ချိန်၌ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်လျှင် လမ်းတစ်ဝက်တွင် ရပ်နားမှုမရှိရန် မီးစက်များဖြင့် အလိုအလျှောက် လည်ပတ်သည့် စနစ်များကိုပြုလုပ်၍ လုံခြုံရေးနှင့် သဘာဝဘေးဒဏ်ကို ခံနိုင်ရန် အဓိက လုပ်ဆောင်ထားကြောင်း သိရသည်။

“ဦးပဉ္ဇင်းတို့ လုပ်တာက မြန်မာနိုင်ငံ တိုးတက်အောင် စေတနာနဲ့လုပ်တာပါ၊ ဒီမှာမရှိသေးတဲ့ Cable ကောင်းကင်ကားကြီးရှိလာရင် ဒေသတွေလည်း
အေးချမ်းပြီး ဖွံ့ဖြိုးလာမယ်၊ ပြီးတော့ ဇွဲကပင်တောင်ပေါ်က မြတ်စွာ
ဘုရားရဲ့ ဆံတော်ကိုလည်း လူတိုင်းဖူးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်တာပါ”ဟု ဇွဲကပင်တောင် ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါစီမံကိန်း ပြီးစီးပါက ဇွဲကပင်တောင်ရှိ ဆံတော်ရှင် စေတီတော်မြတ်
ကြီးသို့ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်မည် ဖြစ်၍ မီတာ ၁၆၅ဝ ရှည်လျားသော တောင်အောက်မှ ဆံတော်ရှင် စေတီတော်သို့ သွားရာလမ်း တစ်လျှောက်ရှိ ဒေသရှုခင်း များကိုလည်း အပေါ်စီးမှ ကြည့်ရှုနိုင်မည်
ဖြစ်သည်။

ယင်းစီမံကိန်းသည် ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး သင်္ကေတတစ်ခု
ဖြစ်လာမည့်အပြင် ဒေသတွင်း စီးပွားရေးကို တိုးတက်စေကာ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။

Eleven Media Group

No comments:

Post a Comment