address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

မလေးရှားတွင် တရားမဝင် နေထိုင်သော မြန်မာနှစ်ရာကျော် ထပ်မံအဖမ်းခံရ


23.1.2014

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးလျက်ရှိ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တရားမဝင် မြန်မာနိုင်ငံသား ၂၀၀ ကျော် ထပ်မံဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် BERNAMA သတင်းတွင် ဖော်ပြသည်။


ဖမ်းဆီးမှု နှစ်ရက်မြောက်နေ့တွင် တရားမဝင် နိုင်ငံခြားသား ၁၇၅၇ ဦး ဖမ်းဆီးခဲ့ရာ ယင်းအနက် မြန်မာနိုင်ငံသား ၂၀၆ ဦး ပါဝင်ပြီး အင်ဒိုနီးရှား ၇၃၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၇၅ ဦးနှင့် အိန္ဒိယ ၁၃၅ ဦး နှင့် အခြားနိုင်ငံများမှ နိုင်ငံသားများ ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အကြီးအကဲ Saravana Kumar Marimuthu က ပြောကြားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရာတွင် စစ်ဆေးခဲ့သူ ၆၈၆၆ ဦးအနက် တရားဝင် အထောက်အထား မရှိသူ ၁၇၅၇ ဦးနှင့် အလုပ်ရှင်သုံးဦးကို ဖမ်းဆီးခဲ့ပြီး ယင်းဖမ်းဆီး ခံရသူများတွင် ကလေး ၄၄ ဦး ပါဝင်ကြောင်း BERNAMA သတင်းတွင် ဖော်ပြသည်။

မလေးရှားရောက် တရားမဝင် လုပ်သားများကို တရားဝင် အထောက်အထား ထုတ်ပေးရန် သုံးလ သက်တမ်းတိုးထားသည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေးအစီအစဉ် (6P) ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီ ဖြစ်သဖြင့် ယင်းနေ့ ည ၁၂နာရီမှ စတင်ကာ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှု စတင်နေပြီ ဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးမှုတွင် မြန်မာ ၁၅၇ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၅၆၅ ဦး ဖမ်းဆီးခံခဲ့ရသည်။
“ဒီနေ့ အဖမ်းအဆီး ပိုကြမ်းတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဝင်ပြီး ဆွဲသွားတယ်” ဟု မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောကြားသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးကာ ခုနစ်ရက်အတွင်း သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ကုန်ကျစရိတ်များကို လုပ်သားများသို့မဟုတ် သက်ဆိုင်ရာ နိုင်ငံသံရုံးက ကျခံရမည် ဖြစ်ကြောင်း၊ ပြန်ပို့ခံရသည့် လုပ်သားများသည် နောက်တစ်ကြိမ် မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် မပြုကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment