address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 23, 2014

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာညီလာခံ၌ သဘောထားကွဲမှုများ ရှိခဲ့ပြီး မူမရှိဘဲ ဆန္ဒစွဲများဖြင့် ဟန်ဆောင်သော စည်းလုံးညီညွတ်မှုမျိုးကို မလိုလားကြောင်း ညီလာခံသဘာပတိ သတိပေး




23.1.2014

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းအတွက် ဆွေးနွေးနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လော်ခီးလာညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီး မူမရှိဘဲ ဆန္ဒစွဲများဖြင့် ဟန်ဆောင်သော စည်းလုံးညီညွတ်မှုမျိုးကို မလိုလားကြောင်း ညီလာခံသဘာပတိက သတိပေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်အထိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေရှိ လော်ခီးလာစခန်းတွင် ပြုလုပ်နေသည်။ ဇန်နဝါရီ ၂၁ ရက်(ညီလာခံဒုတိယနေ့)တွင် အပစ်ရပ်စာချုပ်မူကြမ်း အခြေခံမူတွင် ပါရှိသော ဝေါဟာရပိုင်းဆိုင်ရာ အသုံးအနှုန်းများအတွက် တစ်နေကုန်နီးပါး ငြင်းခုန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့သို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဆွေးနွေးမှုများမှာ ပြီးပြတ်ခဲ့ခြင်းမရှိဘဲ ဆွေးနွေးရက်ကို ဒီဇင်ဘာ ၂၃ ရက်အထိ တစ်ရက်တိုး သတ်မှတ်လိုက်ပြီး လိုအပ်ပါက ထပ်မံရက်တိုးရန် ညီလာခံဖြစ်မြောက်ရေး ကော်မတီက ဆုံးဖြတ်ခဲ့သည်။

လော်ခီးလာညီလာခံ ဒုတိယနေ့ ဇန်နဝါရီ ၂၁ ရက် ဆွေးနွေးပွဲနေ့တွင် အပစ်ရပ်စာချုပ် မူကြမ်း၌ ဖြုတ်ပယ်လိုက်သည့် “တော်လှန်ရေး” ဟူသော ဝေါဟာရအတွက် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့သည်။

မူလက လိုင်ဇာဘုံသဘောတူညီချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုလားသော အပစ်ရပ်စာချုပ် မူကြမ်းတွင် “တော်လှန်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ” ဆိုသော အသုံးအနှုန်း ပါဝင်ခဲ့ပြီး ထိုအသုံးအနှုန်းမှ “တော်လှန်ရေး” ဆိုသော အသုံးအနှုန်းကို ပယ်ဖျက်ပေးရန် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များက မြစ်ကြီးနားငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သည်။

“တော်လှန်ရေး” ဆိုသည့် စကားရပ်အပေါ် ကွဲလွဲမှုရှိခဲ့သည့်အပြင် “ပြည်ထောင်စု တပ်မတော်ဆိုင်ရာ” စကားရပ်နှင့် “အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးမည့်ပုံစံ” များတွင် ဆွေးနွေးငြင်းခုန်မှုများ ရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဆွေးနွေးချက်တွေကို ပြန်ကြည့်ရင် အချိန်ကုန်ပြီး အရာမရောက် ဖြစ်ခဲ့တယ်” ဟု ဇန်နဝါရီ ၂၂ ရက် (ညီလာခံတတိယနေ့)၌ အကျိုးဆောင်တာဝန်ယူခဲ့သူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး - ၂ ဦးရွှေမျိုးသန့်က ညီလာခံ တက်ရောက်လာသူများကို သတိပေးပြောကြားသည်။

ထို့အပြင် ညီလာခံတတိယနေ့အတွက် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဆိုင်းက ဆန္ဒစွဲဖြင့် ဟန်ဆောင်သော စည်းလုံးညီညွှတ်မှုမဖြစ်ရန် တိုက်တွန်းခဲ့ပြီး တစ်ယောက်တစ်ပေါက် ဖြစ်နေမည်ဆိုပါက အသုံးချခံဖြစ်မည်ဟု သတိပေးပြောကြားသည်။

“သမိုင်းအရ နှစ်ပေါင်း ၆ဝ ကျော်ကြာ ဝါရင့်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများကနေပြီးတော့ အားလုံးဟာ ကောင်းမွန်တဲ့ အဖိုးတန်တဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ ခါးသီးတဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ကိုယ့်ဟာကိုယ်ဖန်တီးနိုင်ဖို့ဆိုရင် ကွန်ဖရင့်ကြီးကနေ ကျွန်တော်တို့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဆန္ဒပိုင်းအရဆိုရင် စည်းလုံးညီညွတ်မှု လိုချင်တယ်။ ပကတိအပိုင်းအရလည်း စည်းလုံးဖို့ ဆန္ဒပိုင်းတင်မကဘူး။ ပကတိအတိုင်းလည်း အဲဒီလိုဖြစ်မှ အောင်မယ်လို့ထင်တယ်။ သူတစ်ပေါက် ငါတစ်ပေါက်ဆိုရင်တော့ ကျွန်တော်တို့က သူများအသုံးချတာကို ခံသွားရနိုင်တယ်” ဟု ဗိုလ်မှူးကြီးခွန်ဆိုင်းကဆိုသည်။

လိုင်ဇာညီလာခံက ဖွဲ့စည်းလိုက်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)က တင်ပြလာသည့် အပစ်ရပ်စာချုပ်မူကြမ်းပါ အခြေခံမူအပိုင်းကို ဆွေးနွေးရာ၌ နှစ်ဖက်လက်ခံနိုင်သော ဆွေးနွေးမှုမျိုးဖြစ်သင့်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ စကားပြောရမှာက အခြေခံမူပြဿနာကို ကျေကျေလည်လည် လက်ခံသွားပြီဆိုရင်တော့ ကျန်တဲ့အပိုင်းတွေကတော့ လုပ်လို့လွယ်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့ အခါမှာလည်း တစ်ဖက်က လက်ခံနိုင်မှလည်းဖြစ်တာ။ ကျွန်တော်တို့ပဲ လက်ခံနိုင်တာနဲ့ မရဘူး။ ဒါပေမဲ့ မူပေါ်မှာတော့ ကျွန်တော်တို့ လက်ခံကြပါ။ နည်းပရိယာယ် အနေနဲ့တော့ ကျွန်တော်တို့က ဂုဏ်သိက္ခာရှိတဲ့ လူယဉ်ကျေးတွေ ဖြစ်တဲ့အတွက်ကြောင့် နည်းပရိယာယ်မှာ ပျော့ပျော့ပျောင်းပျောင်းနဲ့ လုပ်ဖို့လိုပါတယ်။ နည်းပရိယာယ် သိပ်ပျော့ပျောင်းလွန်းပြီးတော့ မူကိုလွှတ်လိုက်ပြီဆိုရင်လည်း ကျွန်တော်တို့ထပ်ပြီးတော့မှ နှစ်ပေါင်းများစွာ ဆက်လက်ပြီးတော့မှ ကျွန်သက်ဇာတ်ဆိုးကြီးထဲမှာ မျောနေဦးမယ်လို့ ဒီလိုပဲ ယူဆတယ်” ဟု ဗိုလ်မှူးကြီးခွန်ဆိုင်းက ပြောကြားသည်။

“ကျွန်တော်တို့ ကံကြမ္မာကို အားလုံး ကျွန်တော်တို့ ဘဝတူတွေဖြစ်တယ်။ ကျွန်တော်တို့ ကံကြမ္မာဘဝတူတွေ ဖြစ်တဲ့အတွက်ကြောင့် အားလုံးဝိုင်းပြီးတော့မှ တစ်သွေးတစ်သံတည်းပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစုံ ဖြစ်ပေမယ့် ကျွန်တော်တို့အမြင်တွေ၊ မူတွေက လူတစ်ယောက်တည်းပမာ စည်းလုံးညီညွတ်စွာနဲ့ ကျွန်တော်တို့တွေ့ဆုံ ရင်ဆိုင်ပြီးတော့မှ နိုင်ငံရေးစားပွဲပေါ်မှာ တိုက်ခိုက်ရမယ့် အစိုးရပိုင်းနဲ့ဆိုရင် အဲဒီလိုမှ အင်အားဖြစ်မှာ။ ဒါပေမဲ့ ကျွန်တော်တို့ စည်းလုံးညီညွတ်တယ်၊ စည်းလုံးညီညွတ်တယ် ဆိုတာက မူရှိတဲ့ စည်းလုံးညီညွတ်မှုကို ပြောတာပါ။ မူမရှိတဲ့ စည်းလုံးညီညွတ်မှုမျိုးကိုတော့ ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒါလည်း မခံပါဘူး။ ဟန်ဆောင်တဲ့ စည်းလုံးညီညွတ်မှုမျိုးကလည်း မခံပါဘူး” ဟု ဗိုလ်မှူးကြီးခွန်ဆိုင်းက ဆိုသည်။

လက်ရှိအချိန်တွင် အခြေခံမူပိုင်းနှင့် ပတ်သက်၍ သဘောထားကွဲမှုများ ဖြစ်နေခြင်းကြောင့် အခြေခံမူပိုင်းကို ဖြေရှင်းနိုင်မှသာ လမ်းပြမြေပုံအပိုင်းကို ဆက်သွားနိုင်မည်ဟု ၎င်းကပြောကြားသည်။

“စည်းလုံးညီညွတ်မှုဆိုတာ မူပေါ်မှာဖြစ်တယ်။ မူဆိုတာကလည်း ကျွန်တော်တို့ မူကြမ်းထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်မှာဆိုရင် အခြေခံမူ အရေးကြီးပါတယ်။ အခြေခံမူပြဿနာကို ဟိုဘက်က လက်ခံလိုက်ပြီဆိုရင် ကျန်တဲ့ Road Map တို့ ဘာတို့ညာတို့ကဆိုရင် ကျွန်တော်ထင်တယ်။ ဖြေရှင်းလို့ရတယ်။ ပြောင်းလဲလို့ရတယ်။ မူကိုလက်မခံဘူး ဆိုရင်တော့ Road Map ကို ဒီရေးထားတဲ့ အတိုင်းဆိုရင် ဘယ်လိုမှ ပြောင်းလို့မရဘူး။ ကျွန်တော်တို့ အဲဒီလိုတွေနဲ့ပေါ့လေ။ လိုရင်း၊ တိုရှင်း ခုနအစီအစဉ်အတိုင်းပေါ့ အပြုသဘောပေါ့။ မူလည်းရှိ ပျော့ပျောင်းမှုလည်း ရှိမယ့်ဟာမျိုးတွေပေါ့။ ဖြစ်နိုင်တာပဲ ပြောပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ဟာက ပကတိ အခြေအနေနဲ့ မကိုက်ညီတဲ့ ဆန္ဒစွဲ၊ စိတ်ကူးယဉ်နဲ့ လေထဲတိုက်အိမ်ဆောက်မယ့် ဟာမျိုးတော့ မဖြစ်နိုင်ဘူး။ လက်တွေ့ကျကျနဲ့ ဟိုဘက်ဒီဘက် စဉ်းစားပြီးတော့မှ လုပ်သွားဖို့။ အားလုံး ဒီအခြေခံပေါ်မှာ လုပ်သွားဖို့ကောင်းတယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးခွန်ဆိုင်းက ပြောကြားသည်။

ထို့ပြင် မပြီးဆုံးသေးသော သမိုင်းပေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေသူများ ဖြစ်ခြင်းကြောင့် နိုင်ငံရေးပြဿနာများကို အဓိကထားပြီး သေချာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရန် ညီလာခံတတိယနေ့ သဘာပတိ ဗိုလ်မှူးကြီးခွန်ဆိုင်းက တိုက်တွန်းပြောကြားသည်။

လော်ခီးလာညီလာခံ တတိယနေ့သို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ရောက်ရှိလာခဲ့ပြီး ထိုသို့ရောက်ရှိလာခြင်းသည် ထူးခြားချက်တစ်ရပ် ဖြစ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment