address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 27, 2014

တော်လှန်ရေးဆိုသည့် အသုံးအနှုန်းကို မလိုအပ်ဘဲမသုံးရန် KNU ဥက္ကဋ္ဌ တိုက်တွန်း




27.1.2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် တော်လှန်ရေး ဟူသော ဝေါဟာရ အသုံးအနှုန်းကို နေရာဒေသ ရွေးပြီးမှသာ အသုံးပြုသင့်ပြီး မလိုအပ်ဘဲ မသုံးနှုန်းကြရန် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးက လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို မလိုအပ်တဲ့ နေရာမှာ မသုံးမိဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ကျင်းပသည့် ခြောက်ရက်ကြာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ နောက်ဆုံးရက် မိန့်ခွန်း ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တော်လှန်ရေး ဝေါဟာရမှာ လူပုဂ္ဂိုလ် အဖွဲ့အစည်း တချို့အတွက် ခွန်အားနှင့် ယုံကြည်ချက် ဖြစ်စေသော်လည်း အခြားတစ်ဖက်တွင် အဆိုပါ ဝေါဟာရကြောင့် နိုင်ငံရေးအရ ရှေ့ဆက်ရာ၌ စိတ်အနှောင့်အယှက်များ ဖြစ်ရကြောင်း ၎င်းကရှင်းပြသည်။

လက်နက်ကိုင် တော်လှန်ရေး ဝေါဟာရကို နေရာဒေသ ရွေးချယ် အသုံးပြုရန် KNU ဥက္ကဋ္ဌ တိုက်တွန်းချက်မှာ အသက်အရွယ်နှင့် အတွေ့အကြုံအရ ပညာရှိစကားဟု ယူဆကြောင်း၊ ယင်းဝေါဟာရကို ဆက်လက် သုံးနှုန်းရေးကို အများသဘောဆန္ဒ အရသာ သုံးနှုန်းသွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ လော်ခီးလာ ညီလာခံ မတိုင်မီ တွေ့ဆုံရာတွင် တော်လှန်ရေး ဟူသော ဝေါဟာရကို ဖြုတ်ပယ်ရန် အစိုးရက တောင်းဆိုသော်လည်း DKBA အပါအဝင် ညီလာခံ ကိုယ်စားလှယ် အချို့က ယင်းဝေါဟာရကို ထည့်သွင်းရန် တိုက်တွန်းကြောင်း ညီလာခံ တက်ရောက်လာ သူများထံမှ သိရသည်။

KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌအနေနှင့် လက်နက်ကိုင် တိုက်ပွဲများမှသည် နိုင်ငံရေး တိုက်ပွဲများဆီသို့ ဆက်လက် ချီတက်ရာတွင် အပြန်အလှန် ဆွေးနွေးပြောဆို ငြင်းခုံမှုများ၌ တော်လှန်ရေး ဝေါဟာရ အသုံးအနှုန်းကို သတိထားရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထပ်လောင်း ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment