30.1.2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံမှ ရေးဆွဲထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ( NCCT)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့  ဇန်န၀ါရီ ၂၉ ရက် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာချုပ်မူကြမ်းတွင် အခန်း(၁၁) ခန်းပါဝင်ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ များသာမက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များကိုပါ ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါစာချုပ် မူကြမ်းအပေါ်သဘောထား ကွဲလွဲမှုကြီးကြီးမားမားမရှိကြော င်း၊ နောက်တစ်ကြိမ်ပြန်တွေ့မည် ဆိုသည့်အချက်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ထိုးနိုင်သည်အထိ ပြင်ဆင်ဖြည့်စွက်ချက်များ လုပ်သွားရန်ဆိုသည့်အချက်များကို သာ သဘောတူညီခဲ့ပြီး နီးစပ်မှုများသည်ဟုသာ ပြောနိုင်သေးကြောင်း ဆွေးနွေးရာတွင်ပါဝင်ခဲ့သည့် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“လ်ာခီးလာညီလာခံကတော့ ၁၁ ချက်ပေါ့။ဒါပေမဲ့ ၁၀ချက်ကတော့ အဓိကအလုပ်လုပ်ရမှာဆိုတော့ အဲဒီအပေါ်မှာ အစအဆုံး ပြင်ဆင်တာ ဘာညာဒီလောက်ပါပဲ။ အယူအဆရေးရာ ကွဲလွဲချက်တော့ မရှိဘူးဗျ။ စကားလုံးအသုံးအနှုန်း၊ အထားအသိုဟိုရွှေ့ ဒီရွှေ့ အဲဒီလောက်တော့ရှိတယ်”ဟု ၎င်းကဆိုသည်။
ယခင်ဆွေးနွေးမှုများတွင် အစိုးရဘက်က မလိုလားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဆိုသည့် စကားလုံး လော်ခီးလာမူကြမ်းတွင် ပြန်လည်ပါဝင်လာသည့်အပေါ်တွင်လည်း ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အပြီးသတ်ဆွေးနွေးနိုင်ခြင်းမှာမူ မရှိခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးဆိုတာကို ခေါင်းစဉ်မှာ ထည့်မလား၊ နောက်မှာပဲ ထည့်မလားစသည်ဖြင့် ညှိနှိုင်းကြပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးခေါင်းဆောင်တွေဘက်ကလ ည်း လော်ခီးလာအတိုင်း လိုချင်တယ်။ ဟိုဘက်က နားထောင်ကြည့်တော့လည်း ဒီစကားလုံးက စာချုပ်ထဲမှာ ထင်းထင်းကြီးဖြစ်နေတာ မကောင်းဘူးပေါ့လေ။ စာချုပ်စာတမ်းဥပဒေအရတော့ နှစ်ဖက်သဘောတူဖို့လိုတော့ ညှိနှိုင်းနေပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ဘားအံမြို့တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဆွေးနွေးပွဲမှာမူ မတ်လဆန်းမှသာ ဖြစ်နိုင်ကြောင်း၊ ယင်းမတိုင်မီ နောက်ထပ်တစ်ကြိမ်တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ပြုလုပ်သွားရန်ရှိပြီး ဖေဖော်ဝါရီ တတိယပတ်အတွင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment