address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

ရေကျိုငါးပိများတွင် ဓာတ်မြေသြဇာမပါဝင်ကြောင်း အာမခံ၍ ရောင်းချပေးမည်ဟု လုပ်ငန်းရှင်များဆို

14.10.2013

ရေကျိုငါးပိများတွင် ဓာတ်မြေသြဇာထည့်သွင်းသုံးစွဲထားခြင်းမရှိကြောင်း တာဝန်ယူအာမခံရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များအသင်း(ယာယီ) တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပသည့် “ပြည်သူများ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက်ပေါ်ထွန်းရေး” အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခြင်းဖြစ်သည်။

ရေကျိုငါးပိများတွင် ယူရီယားပါဝင်သော သတင်းများကြောင့် ရေကျိုငါးပိရောင်းဝယ်ရေးလုပ်ငန်းများ ထက်ဝက်ခန့်
ရောင်းအားကျဆင်းနေပြီး ဈေးကွက်ပြန်လည်ဖြစ်ရေးအတွက် အဓိကရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ယင်းတို့က ပြောသည်။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များအသင်း(ယာယီ) နာယက ဦးမောင်မောင်သိန်းက “ကျွန်တော်တို့ ရောင်းတဲ့ဆိုင်အားလုံး ရေကျိုငါးပိမှာ ဓာတ်မြေသြဇာမပါဘူးဆိုတာကို အာမခံတယ်။ တာဝန်ယူပြီး ရောင်းပေးမယ်” ဟု ပြောသည်။

ရေကျိုငါးပိတွင် ဓာတ်မြေသြဇာ သုံးစွဲခြင်းမရှိဟု မပြောလိုကြောင်း၊ သို့သော် ရေကျိုငါးပိ ၉၉ ရာခိုင်နှုန်းတွင် ဓာတ်မြေသြဇာပါဝင်ခြင်း မရှိဟု အာမခံကြောင်းနှင့် ဓာတ်မြေသြဇာသုံးသည်ကို တွေ့ရှိခဲ့ဖူးခြင်းမရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ရေကျိုငါးပိမှာ ဓာတ်မြေသြဇာပါတယ်၊ မပါတယ် ဆိုတာကို ငြင်းဖို့လာတာ မဟုတ်ပါဘူး။ ဘေးကင်းတဲ့ ရေကျိုငါးပိကို ပြည်သူတွေစားသုံးနိုင်ဖို့ တာဝန်ခံပြီး ရောင်းချတဲ့ ဈေးကွက်တစ်ခုဖြစ်လာဖို့ ၀ိုင်းဝန်းအကြံပေးဖို့ပါ”ဟု ယင်းအခမ်းအနားတွင် ပြောသည်။

ရေကျိုငါးပိရောင်းချရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန #FDA ၏ အသိအမှတ်ပြုထောက်ခံချက်များ၊ တရားဝင်မှတ်ပုံတင်တံဆိပ်များဖြင့် ပြုလုပ်ရောင်းချမည်ဆိုပါက စားသုံးသူများ၏ ယုံကြည်မှုကို ပြန်တည်ဆောက်၍ ရနိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။

ဦးဗအုပ်ခိုင်က “ဒီလို ဓာတ်မြေသြဇာ မသုံးပါဘူးလို့ ပြောရုံနဲ့ စားသုံးသူက ပြန်စားသုံးပြီး ဈေးကွက်ပြန် ကောင်းလာမှာတော့ မဟုတ်ပါဘူး။ စားသုံးသူရဲ့ ယုံကြည်မှုပြန်ရအောင် အသိအမှတ်ပြုထောက်ခံချက်တွေနဲ့ ထုတ်လုပ်ရောင်းချဖို့ အကြံပေးချင်တယ်”ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာဦးကျော်က “ယူရီးယားက ငါးထဲက လာတာလား၊ ထပ်ထည့်တာလားဆိုတာက ခွဲခြားရ သိပ်ခက်ပါတယ်။ တစ်ခုတော့ရှိတယ်၊ ယူရီးယားများရင်တော့ အော့အန်တာတို့ ဖြစ်တတ်တယ်။ ကင်ဆာတော့ မဖြစ်ပါဘူး”ဟု ပြောသည်။

ရေကျိုငါးပိတွင် ယူရီးယားပါဝင်မှုနှင့်ပတ်သက်၍ ဓာတုဗေဒပညာရှင်များ၏ တစ်ဦးချင်းအမြင်များမှာ တူညီခြင်းမရှိကြောင်း ဦးဗအုပ်ခိုင်က ဆိုသည်။

လွန်ခဲ့သော တစ်နှစ်ဝန်းကျင်ခန့်ကတည်းက ဧရာဝတီတိုင်းရှိ ဒေသအချို့မှ ငါးပိများတွင် ဓာတ်မြေသြဇာ ပါဝင်ခြင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိခဲ့ပြီး နောက်တွင် ၎င်းဒေသမှ ငါးပိများကို FDA သို့ ပေးပို့ စစ်ဆေးခဲ့ရာ နမူနာ သုံးမျိုးတွင် တစ်မျိုးယူရီးယားပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တွေ့ရှိသည့် ယူရီးယားသည် ဓာတ်မြေသြဇာမှ ဟုတ်၊ မဟုတ်ကိုမူ စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များအသင်း(ယာယီ) ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်က “ရေကျို ငါးပိကို ခြောက်လ၊ တစ်နှစ်လောက် နှပ်ရလို့ အနှပ်မြန်အောင် ဓာတ်မြေသြဇာသုံးတယ်လို့ ပြောကြတယ်။ ရေကျိုငါးပိကို ဘာဓာတုမှမသုံးဘဲ တစ်လနဲ့ဖြစ်အောင် လုပ်နည်းကို ကုန်ကြမ်းသာယူခဲ့၊ ပြောပြပေးမယ်”ဟု ငါးပိအဖြစ်မြန်ရန် ဓာတ်မြေသြဇာ သုံးသည်ဆိုသည်နှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရေကျိုငါးပိတွင် ဓာတ်မြေသြဇာပါဝင်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် စားသုံးမိပြီး အော့အန်ခဲ့သူများပါရှိကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

ရန်ကုန်ငါးပိဒိုင်များသို့ အဓိကထားတင်ပို့သည့် ဧရာဝတီတိုင်းရှိဒေသအချို့မှ ငါးပိတွင် ဓာတ်မြေသြဇာ ရောခြင်းကို ဒေသခံများက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် FDA သို့ စစ်ဆေးနိုင်ရန် သြဂုတ် ၂၈ ရက်တွင် ပေးပို့ခဲ့သည်။
ယင်းရေကျိုငါးပိများအား ဓာတ်ခွဲစစ်ဆေးရာ ယူရီးယား (#Urea) ဓာတ်ပါဝင်မှုကို တွေ့ရှိရကြောင်း FDA က မဇ္ဈိမသို့ စက်တင်ဘာ ၂၄ ရက်က ဖြေကြားသည်။ သို့သော် ထိုသို့ ယူရီးယားပါဝင်ခြင်းမှာ ဓာတ်မြေသြဇာ ရောနှောခြင်းကြောင့် ဟုတ်သည်၊ မဟုတ်သည်ကို ခွဲခြားနိုင်ခြင်း မရှိပါကြောင်း တစ်ဆက်တည်းဖြေကြားပြီး မည်သို့ဆက်လက် ဆောင်ရွက်ရန်ရှိသည်ဆိုသည့်အချက်ကိုမူ ဆက်လက်ဖြေကြားပေးခြင်း မရှိခဲ့ပေ။

Mizzima - News in Burmese

No comments:

Post a Comment