address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 9, 2013

ရေဘေးသင့်ကရင်ပြည်သူ ရာနှင့်ချီ အိုးအိမ်မဲ့နေဆဲဟု FBR ထုတ်ပြန်



9.10.2013

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ယခုနှစ် မိုးတွင်းကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးမှုဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ရာနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger-FBR)က ယမန်နေ့က သတင်းထုတ်ပြန်လိုက် သည်။

ဇူလိုင်လကုန်ပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ ဖြစ်ပွားခဲ့သည့် ၎င်းရေကြီးမှုတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျေးရွာပေါင်း ၆၂ရွာ မှ ဒေသခံရွာသားများသည် နေအိမ်နှင့် လယ်ယာ၊ စိုက်ပျိုးခြံများ ပျက်စီးခဲ့ရသလို လွတ်မြောက်ရာသို့ တိမ်းရှောင်ခိုလှုံကြရပြီး ကော့ကရိတ်မြို့နယ်၌လည်း ဒေသခံ ၈၀၀ဦးခန့်မှာ ဆိုးရွား သည့် ရေဘေးဒဏ်ခံခဲ့ကြရသည်ဟု FBR က ဆိုသည်။

ထို့အပြင် မြ၀တီမြို့ အပါအ၀င် ဝေါ်လေဒေသရှိ ထီးသဲလယ်၊ ကွီးလော်ရှူး၊ ဖလူးဒေသရှိ မင်းလက်ပံကျေး ရွာ များသည်လည်း ရေဘေးဒဏ်ကို ဆိုးရွားစွာ ခံစားရပြီး လူနေအိမ်များ ပျက်စီးသွားသဖြင့် ဘုန်းကြီး ကျောင်းများ၌ သွားရောက်ခိုလှုံခဲ့ရသည်ဟု FBR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု ထုတ်ပြန်လိုက်တဲ့အထဲမှာ ကျနော်တို့ နီးစပ်ရာ ဒေသခံ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ကောက်ခံလို့ရ တဲ့ အချက်အလက် လောက်ပါပဲ။ ပြည့်စုံတယ်လို့တော့ မဆိုလိုဘူး။ ကျနော်တို့ ကောက်လို့ရတဲ့ ဒေသနဲ့ ကောက်လို့ရတဲ့ဒေသ ထက်ဝက်စီ ရှိမယ်” ဟု FBR ဆက်သွယ်ရေးတာဝန်ခံ စောထူးထူးအဲ့က ကေအိုင်စီ သို့ ပြောသည်။

ရေဘေးဒဏ်ခံရခဲ့သော အဆိုပါဒေသများရှိ ပြည်သူများသည် ပျက်စီးသွားသည့် ၎င်းတို့၏ နေအိမ်နှင့် အ ဆောက်အဦးများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့်ပင် ပြန်လည်ထူထောင်ရေးများ လုပ်နေကြရသည်ဟု စော ထူးထူးအဲ့က ဆက်ပြောသည်။

ထိုရေကြီးမှုများကြောင့် ဒေသခံပြည်သူအများစုသည် ၎င်းတို့သိုလှောင်ထားသည့် ဆန်ရိက္ခာများနှင့် လယ် ယာ၊ စိုက်ပျိုးခြံများ ပျက်စီးကုန်သဖြင့် လက်ရှိအခြေအနေတွင် စားဝတ်နေရေး အခက်အခဲ ကြီးမားလာသ လို စာသင်ကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများကို လုံလောက်စွာ မထောက်ပံ့နိုင်တော့သဖြင့် ကလေး များ၏ ပညာရေး ထိခိုက်နေရသည်ဟု FBR ထုတ်ပြန်ချက်၌ ပါရှိသည်။

FBR အပါအ၀င် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် Emergency Assistance and Relief Team - EART အဖွဲ့မှ ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ရေဘေးသင့်ဒေသ များသို့ ဆေးဝါး၊ ဆန်နှင့် အိုးခွက်ပန်းကန် များကို အရေးပေါ် ထောက်ပံ့ကူညီပေးခဲ့သော်လည်း ၎င်းကြာ အင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ရေဘေးသင့် ပြည်သူ ၆၀၀ကျော်မှာ ယခုအချိန်ထိ ခိုလှုံစရာနေရာ၊ အစား အစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

EART မှ လက်ထောက်တာဝန်ခံ ကိုမိုးနိုင်က “အခုလောလောဆယ် အရေးပေါ် ကျန်းမာရေးအဖွဲ့တွေကို ရေဘေးသင့်ခံခဲ့ရတဲ့ ဒေသတွေကိုလွှတ်ပြီး ကျနော်တို့ ဆန်တွေအနည်းငယ် သွားဝေတာရှိတယ်။ အဲဒီက ထွက်လာတဲ့ results (အဖြေ)ကို ကြည့်ပြီး တော့ ဘာတွေ ဆက်လုပ်ရမလဲဆိုတာ ပြန်ကြည့်ရမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မြန်မာနိုင်ငံ နေရာတော်တော်များများ၌ မြစ်ရေကြီးမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သလို ကရင်ပြည်နယ်အတွင်း၌လည်း ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ပိုင် ကျုံနှင့် မြ၀တီ စသည့်မြို့နယ်များတွင် ရေကြီးမှုကြောင့် လယ်ယာ၊ ခြံမြေ များစွာ ပျက်စီးသွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည်ဟု ရေဘေးသင့်ပြည်သူများကို လိုက်လံအကူအညီပေးနေသည့် လူမှုကယ်ဆယ် ရေးအဖွဲ့အစည်းများက ခန့်မှန်းပြောဆိုနေကြသည်။
 

No comments:

Post a Comment