address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 20, 2013

ဘားအံဆွေးနွေးပွဲ ကေအိုင်အိုတက်ရန် မသေချာသေး


20.11.2013

လာမည့် ဒီဇင်ဘာလတွင် ဘားအံမြို့၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိ ယအကြိမ် တွေ့ဆုံပွဲသို့ ကေအိုင်အိုမှ တက်ရောက်ရန် အာမမခံနိုင်သေးဟု ကချင်လွတ်မြောက်ရေးအ ဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။


ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည့် ရန်ကုန် ရောက် ကချင်လူမှုအဖွဲ့စည်းများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီဇင်ဘာမှာ ဘားအံမှာ ထပ်ဆွေးနွေးရမယ်၊ တက်ဖို့ကြိုးစားမယ်။ တက်နိုင်မတတ်နိုင် တော့ အာမမခံနိုင်သေးဘူး”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးညီလာခံကို ကေအိုင်အေအခြေစိုက်ရာ ကချင်ပြည်နယ်၊ လိုင်ဇာတွင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်း ညီလာခံက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ဆက်လက် ဆွေးနွေးရန် တာဝန်ယူထားသည်။

“အပစ်ရပ်ညှိနှိုင်းမှုအဖွဲ့က အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်တဲ့အထိ ဆွေးနွေးသွားမယ်”ဟု ဗိုလ်ချုပ်ဂွမ် မော်က ပြောသည်။ သူ့အနေဖြင့်မူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရန် အစိုးရ၏ ထိုးစစ်ဆင်နေမှုများ ကို ရပ်ဆိုင်းရန်လိုသည်ဟု သုံးသပ်ပြောဆိုသည်။

ကေအိုင်အိုအနေဖြင့်မူ နိုဝင်ဘာ ၄ ရက်နေ့တွင် အစိုးရမှ ပေးပို့ထားသည့် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာ ချုပ်မူကြမ်းကို လေ့လာနေသည်ဟု ၎င်းက ဆိုသည်။

အစိုးရပေးပို့သည့် မူကြမ်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယင်းမတိုင်မီ မြစ်ကြီးနားမြို့၌ ကေအိုင်အိုနှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် အစိုးရက မူကြမ်းတစ်ကြိမ် ပေးခဲ့ပြီးဖြစ်သည်။

ကေအိုင်အိုအနေဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရန် ကန့်ကွက် မည်မဟုတ်သော်လည်း မည်သို့ပါဝင်နိုင်မည်ကို လေ့လာနေဆဲဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရိုမန်ကတ်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်းအသင်းတော် အပါအ၀င် ပရိသတ် ၂,၀၀၀ ၀န်းကျင် တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲမတိုင်မီ ကေအိုင်အိုအဖွဲ့ တည်းခိုရာ Business Alliance ဟိုတယ်၌ ၈၈ မျိုးဆက်ကျောင်း သား၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ ဦးပြုံးချို၊ ဦး အံ့ဘွယ်ကျော်တို့နှင့် အပစ်အခတ်ရပ်စဲရေး၊ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ များ ဆွေးနွေးခဲ့သေးသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးကလည်း “ဗိုလ်ချုပ်ဂွမ်မော်နဲ့ နဂိုတည်းက သဘောထားကွဲလွဲတာ မရှိထားဘူး။ ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေးကို လက်တွဲဆောင်ရွက်သွားမယ်”ဟု တွေ့ဆုံအပြီး၌ ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက လိုင်ဇာကို ရောက်ရှိခဲ့စဉ် ဗိုလ်ချုပ်ဂွမ်မော်နှင့် နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

Mizzima - News in Burmese

No comments:

Post a Comment