address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 11, 2013

တိုင်းရင်းသားများအတွက် မြန်မာဘာသာ သင်ကြားနည်း ဆွေးနွေး


11.11.2013

တိုင်းရင်းသားဒေသများရှိ မြန်မာဘာသာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို အလွယ်တကူ သင်ကြားနိုင်သော သုတေသန နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ခုကို တတိယအကြိမ်မြောက် Annuaal Joint Education Conference တွင် ပထမဆုံးအကြိမ် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ပျိုးပင် အစီအစဉ်မှ ဒေါ်ဇင်ဇင်ဝင်းက The Voice သို့ ပြောကြားသည်။

တိုင်းရင်းသား ဒေသများတွင် သင်ကြားနေရသည့် ဆရာ၊ ဆရာမများအတွက် သုတေသန ပြုပြီးသား သင်ကြားနည်းများကို ဗဟိုပြုဆွေးနွေးခဲ့ကြောင်း၊ ယင်းနည်းလမ်းများအတိုင်း လက်တွေ့ အသုံးချရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ အခြေအနေတွင် တိုင်းရင်းသား ဒေသများ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအကြား ဘာသာစကား အခက်အခဲ၊ သင်ရိုးညွှန်းတမ်းကို မြန်မာဘာသာဖြင့် ပုံနှိပ်ခြင်းကြောင့် မိခင်ဘာသာ မဟုတ်သော ကလေးငယ်များအတွက် သင်ကြားမှုပိုင်းတွင် အားနည်းချက်များ ရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းကြောင့် တတိယအကြိမ် ပညာရေး ညီလာခံတွင် ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ ဖွံ့ဖြိုး တိုးတက်ရေး၊ ကလေးငယ်များ စဉ်းစား တွေးခေါ်မှု တိုးတက်စေရေး၊ အပြုသဘော ဆောင်သော ဆုံးမနည်းများအပြင် မြန်မာဘာသာ သင်ရိုးကို နားလည်နိုင်စွမ်း ရှိစေရန် သင်ကြားနည်းတို့ ပါဝင်သော ခေါင်းစဉ်ပေါင်း ၄၀ ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

အဆိုပါ ပညာရေး ညီလာခံကို ပညာတန်ဆောင်အဖွဲ့၊ ဗြိတိသျှကောင်စီ၊ ပျိုးပင် အစီအစဉ်နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MEDG) တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး အစိုးရ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ကျောင်းများမှ ဆရာ၊ ဆရာမ ၂၀၀ ဦးကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း ပျိုးပင် အစီအစဉ်ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment