address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 3, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နိုဝင်ဘာ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည်


3.11.2013


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နိုဝင်ဘာ ၄ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အရာရှိ တစ်ဦးက ဆိုသည်။



ယင်းက "ကြေးနန်းအရတော့ ဆွေးနွေးပွဲက ၄ ရက်နေ့ စမှာပဲ။ ၀န်ကြီးဦးအောင်မင်းနဲ့ အဖွဲ့ပါပဲ။ ဆွေးနွေးမယ့် အကြောင်းအရာ မသိရဘူး။ နေရာကတော့ မြို့တော်ခန်းမလား။ မနောကွင်းလား။ အဖြေအတိအကျ မရှိသေးဘူး။ လောလောဆယ် မြို့တော်ခန်းမတော့ ပြင်ဆင်မှုတွေ လုပ်နေတယ်" ဟု ဆိုသည်။ ယင်းဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေက "မြစ်ကြီးနား အစည်းအဝေးလွန် ကေအိုင်အိုနဲ့ ဆွေးနွေးပွဲမှာ သဘောတူတဲ့ ခုနစ်ချက်အတိုင်းပဲ လုပ်မှာပါ။ ကေအိုင်အိုနဲ့တင် မကတော့ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနဲ့ ဆွေးနွေးမှာပါ။ လိုင်ဇာမှာ ယခုဆွေးနွေးနေတဲ့ သဘောတူညီချက်တွေကိုပဲ ဆွေးနွေးမှာပါ။ ၀န်ကြီးဦးအောင်မင်းရဲ့ သဘောထားကတော့ တက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးကို အပြုသဘောဆောင်ပြီး ကြိုဆိုမယ်လို့ ပြောထားပါတယ်။ တက်ရောက်မယ့် အဖွဲ့ကတော့ (၁၆)ဖွဲ့အထက် ရှိမယ်လို့ သိရတယ်။ ညှိနှိုင်းနေတုန်းပါပဲ။ အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်သွားနိုင်ဖို့ပဲ အဓိက ဆွေးနွေးမယ်" ဟု ပြောကြားသည်။ လိုင်ဇာဆွေးနွေးပွဲအပြီး အစိုးရက ပြုလုပ်ရန်ရှိသော မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်ရန် မသေချာသေးဘဲ ယခုဆွေးနွေးပွဲ ရလဒ်တွင်သာ မူတည်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လိုင်ဇာဆွေးနွေးပွဲ မတိုင်မီ ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment