address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 19, 2013

ဘားအံဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့နှင့် တွေ့ဆုံခွင့်ရရန် အစိုးရဘက်က အဆိုပြုထား


19.11.2013

ဒီဇင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် အစိုးရဘက်က အဆိုပြုထားကြောင်း Myanmar Peace Center မှ သိရသည်။


နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များက ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲတွင် ဒီဇင်ဘာလအတွင်း ဘားအံမြို့၌ ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ကိစ္စရပ်များ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

"NCCT နဲ့ လကုန်မှာတွေ့ဖို့ ဆိုတာက ကျွန်တော်တို့ဘက်က အဆိုပြုထားဆဲပဲ ဖြစ်တယ်။ ဒါက သူတို့လည်း သူတို့တစ်ယောက်တည်း မဟုတ်တော့ သူတို့အချင်းချင်းညှိပြီးမှ ကျွန်တော်တို့ကို အကြောင်းပြန်မှာပါ။ ဒါကတော့သူတို့ ဖိတ်တဲ့နေရာကို ကျွန်တော်တို့ သွားတွေ့မှာပေါ့။ ဘားအံမတိုင်ခင်မှာ တွေ့ဖို့ပေါ့'' ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များ၏ NCCT အဖွဲ့နှင့် ယခုလအတွင်း တွေ့ဆုံနိုင်ရန် မျှော်မှန်းထားကြောင်း၊ တွေ့ဆုံဖြစ်ပါက အလုပ်အဖွဲ့ အချင်းချင်း တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

NCCT အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး၏ အကြံဉာဏ်များ ရယူကာ နှစ်ဖက်သဘောတူစာချုပ် ရေးဆွဲပြီး အစိုးရထံသို့ မကြာမီအဆိုပြု တင်ပြမည်ဟု NCCT အဖွဲ့ဝင်များ ပါဝင်သည့် ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် သဘောထား ကြေညာချက်တွင် ဖော်ပြထားသည်။

NCCT အဖွဲ့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် ဆောင်ရွက်ရာတွင် အစိုးရနှင့် ဆွေးနွေးရန်အတွက် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ လိုင်ဇာမြို့၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment