address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 13, 2013

ဆီးဂိမ်းတွင် နိုင်ငံကိုယ်စားပြု ကရင်လက်ဝှေ့အားကစားသမား ၆ဦး ပါဝင်




13.11.2013

လာမည့် ဒီဇင်ဘာလ ၁၁ရက်နေ့၌ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် နိုင်ငံကိုယ်စားပြု လက်ဝှေ့အားကစားသမား ကရင်လူငယ် ၆ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

၎င်းကရင်လူငယ်များမှာ မြန်မာ့လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ စောငမန်း၊ ၂၀၁၁ အင်ဒိုနီးရှားနိုင်ငံ (၂၆)ကြိမ် ဆီးဂိမ်းတွင် ငွေတံ ဆိပ်ဆုရရှိထားသူ နန်းသက်ထားစံ၊ စောကညောဖိုး၊ စောဝီရီယံထူးကေ၊ စောမိုက်ရိုင်းနှင့် နော်ဖောလော်အဲ့တို့ဖြစ်ကြပြီး ဘောက်စင်လက်ဝှေ့နှင့် မွေထိုင်းလက်ဝှေ့ (ထိုင်းလက်ဝှေ့)ကို အဓိကယှဉ်ပြိုင်သွားမည်ဟု ဆီးဂိမ်းကျင်းပရေးကော်မတီက ပြော သည်။

ဆီးဂိမ်းကျင်းပရေးကော်မတီတစ်ဦးဖြစ်သူ နော်သြလျားဖောက “သူတို့လက်ဝှေ့ဝင်ပြိုင်ကြမယ်။ ဘောက်စင်ကတော့ နန်းသက် ထားစံ တစ်ယောက်ပဲ။ ကျန်သူတွေတော့ မွေထိုင်းချည်းပဲ။ အခုနေပြည်တော်မှာ လေ့ကျင့်နေကြတယ်။ နန်းသက်ထားစံက အခု ကာဇက်စတန်နိုင်ငံမှာ သွားလေ့ကျင့်နေတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မွေထိုင်းလက်ဝှေ့ထိုးနည်းကို ပြည်တွင်း၌ ထိုင်းနည်းပြနှင့် မြန်မာနည်းပြတို့  ပူးပေါင်းလေ့ကျင့်သင်ကြားပေးပြီး ဘောက်စင် လက်ဝှေ့ထိုးမည့် နန်းသက်ထားစံကမူ ယခုလ နိုဝင်ဘာ ၅ရက်နေ့က မြန်မာနိုင်ငံမှ ကာဇက်စတန်နိုင်ငံသို့  တစ်လကြာ သွား ရောက်လေ့ကျင့်ရမည်ဟု နော်သြလျားဖောက ဆက်ပြောသည်။

ဆီးဂိမ်းတွင် ၀င်ရောက်ကစားခွင့်ရမည့် စောငမန်းကလည်း “နိုင်ငံတော်က ခေါ်လို့ လာပြိုင်တယ်။ အခုလေ့ကျင့်မှုတွေ ပြင်းပြင်း ထန်ထန်လုပ်တယ်။ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ ပျော်တယ်။ ၀ါသနာလည်း ပါတယ်လေ။ ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးပမ်းသွား မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲများကို အားကစားနည်း (၃၃)နည်းဖြင့် ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်နေ့အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေတောင်မြို့များတွင် ကျင်းပမည်ဖြစ်ပြီး လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆီးဂိမ်း ကျင်းပရေးကော်မတီက ဆိုသည်။

အရှေ့တောင်အာရှ ဆီးဂိမ်းကို အာဆီယံနိုင်ငံများဖြစ်ကြသည့် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှာ၊ ဗီယက်နမ်၊ စင်္ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံများမှ အားကစားသမားပေါင်း ၅,၇၂၇ဦး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမားများ အများဆုံးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဆီးဂိမ်းအားကစားပြိုင်ပွဲကို ၁၉၆၁ခုနှစ်က ပထမအကြိမ်၊ ၁၉၆၉ခုနှစ်က ဒုတိယအကြိမ် ကျင်းပခွင့်ရခဲ့ပြီးနောက် ယခု ၄၄နှစ်အကြာမှသာ တတိယအကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်သလို ပြီးခဲ့သည့် (၂၆)ကြိမ်မြောက် ဆီးဂိမ်းကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။

ကေအိုင်စီ

No comments:

Post a Comment