3.11.2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင်ရန် တိုင်ပင်ဆွေးနွေးမှုများ ရှိခဲ့ပြီး ဘုံသဘောတူညီမှုများ ရှိခဲ့သော်လည်း ထိုသဘောတူညီချက်များအပေါ် ကတိပျက်ခြင်းများ ရှိခဲ့သောကြောင့် လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဘုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ခံဝန်ချုပ် ၀ိုင်းကြီးချုပ် စနစ်ပေါ့။ အရင်တုန်းက ညွှန်ကြားချက် ရှိတယ်၊ သတ်မှတ်တယ်၊ ဒါပေမဲ့ အတွင်းစည်းမှာ လက်မှတ်ထိုးထားတာ မရှိကြဘူး။ မရှိတဲ့အတွက် တစ်ဖွဲ့ချင်း အပစ်မရပ်ပါနဲ့ ပြောပေမဲ့ ဌာနချုပ် ညွှန်ကြားချက်ပဲ ဖြစ်တော့ တချို့အဖွဲ့တွေကျတော့ အဆင်ပြေသလိုလေး ထိုးလိုက်တာ ရှိတယ်။ အဲဒီတုန်းက လက်မှတ်တွေ မကောက်ခံရသေးဘူး။ အခုဒီတစ်ခေါက်တော့ အတည်ပြုချက် လက်မှတ်ပါ ကောက်ခံလိုက်တဲ့အတွက် တာဝန်ခံမှုက ပိုမြင့်လာတယ်" ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၂ ရက်က ပြောကြားသည်။
ထို့အပြင် ယခုတစ်ကြိမ် အပစ်ရပ် စာချုပ်သည် အားလုံးအတွက် အသက်သွေးကြော ဖြစ်နေပြီး တစ်ခုခု မှားယွင်းသည်နှင့် အားလုံး နိဂုံးချုပ်မည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။
"အားလုံးရဲ့ အသက်သွေးကြော ဖြစ်နေတယ်။ ဒီတစ်ခါ ထိုးခြင်းက မှားလို့ရှိရင်လည်း နိဂုံးချုပ်သွားနိုင်တယ်။ ပျက်သုဉ်း သွားနိုင်တယ်။ ဒါကို အားလုံးက သိကြတဲ့အခါကျတော့ ဒီတစ်ခါ ထိုးခြင်းက အမှားမခံဘူး။ နောက်ပြီးတော့ သာမန်အားဖြင့် အရင်ပြည်နယ်အဆင့် ထိုးထားတာနဲ့ မတူဘူး"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
"ဒီတစ်ခါ ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက် ချီတက်ရမှာဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲလို ကြီးကျယ်တဲ့ ကိစ္စတွေမှာ ဘယ်အဖွဲ့ကမှ တစ်ဖွဲ့ချင်းသွားလို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးကသိတယ်။ သိတဲ့အခါကျတော့ ဒီတစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အခြေခံအပေါ်မှာ နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း တညီတညွတ်တည်း သွားနိုင်အောင် လမ်းခင်းတဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်ထင်တယ်၊ အခု သဘောတူညီချက်အပေါ်မှာ အားလုံးက လိုက်နာစောင့်ထိန်းကြမယ်။ ကတိက၀တ် တည်ကြမယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်တယ်"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment