address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 3, 2013

ဆင်ဖြူတော် အစွယ်ဖြင့်ထိုး၍ ဆင်ဦးစီး သေဆုံး




3.11.2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ် ကြီး(ကျောက်တော်ကြီးဘုရား) အနီးတွင်ရှိသော မင်းဓမ္မ ဆင်ဖြူတော်ဝင်းတွင် ထားရှိသည့် စွယ်စုံဆင်ဖြူတော်က စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးခဲ့သောကြောင့် ဆင်ဦးစီး ဦးသိန်းစိန် သေဆုံးခဲ့မှု နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မင်းဓမ္မ ဆင်ဖြူတော်ဝင်းမှ တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားသည်။

မင်းဓမ္မ ဆင်ဖြုတော်ဝင်းတွင် ရာဇဂဟ သီရိပစ္စယဂဇရာဇာ အမည်ရှိ စွယ်စုံဆင်ဖြူတော် အထီးတစ် ကောင်နှင့် အမနှစ်ကောင်ရှိပြီး ၎င်းတို့ကို နံနက်ပိုင်း ၆ နာရီခွဲမှ ၇ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ တစ်ကြိမ် လမ်းလျှောက် လေ့ကျင့်ပေးကြောင်း၊ ၎င်းတို့ လျှောက်လမ်းတွင် လမ်းလျှောက်၍ တစ်ပတ်ပြည့်တိုင်း ကြံတစ်ချောင်းစီ ကျွေးလေ့ ရှိကြောင်း၊ အဆိုပါ စွယ်စုံဆင်ဖြူတော် အထီးမှာ လမ်းလျှောက်ပြီး နာရီဝက်ခန့် အကြာတွင် စိတ်ရိုင်းဝင်ကာ ၎င်းကိုအစာ ကျွေးနေသည့် အသက် ၅၆ နှစ်အရွယ်ရှိ ဆင်ဦးစီး ဦးသိန်းစိန်ကို အစွယ်ဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“လမ်းလျှောက် လေ့ကျင့်တဲ့အခါတိုင်း ဆင်တွေပေါ်မှာ ဆင်ဦးစီးတွေပါ ပါတယ်။ အစာကျွေးနေတဲ့အချိန် အစွယ်နဲ့ လှမ်းပက်လိုက်တာ ဘယ်ဘက်ရင်အုံ ထိသွားတယ်။ ပေါက်မသွားပေမယ့် သူအားနဲ့ဆိုတော့ ကလိစာတွေ ထိသွားတယ် ထင်တယ်။ ဆေးရုံပို့ရင်း လမ်းမှာတင် ဆုံးသွားတာပါ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စွယ်စုံဆင်ဖြူတော်မှာ နိုဝင်ဘာလတွင် နှစ်စဉ် မုန်ယိုတတ်သည့် အလေ့အထ ရှိသော်လည်း အခင်းဖြစ်ပွားချိန်ထိ မုန်ယိုသည့် လက္ခဏာကို မတွေ့ရှိရသေးကြောင်း၊ ဆင်ဖြူတော်မှာ မူလစိတ် အခြေအနေသို့ ပြန်လည် ရောက်ရှိပြီး ဖြစ်သော်လည်း နောင်ယင်းကဲ့သို့ အပြုအမူမျိုး မပြုလုပ်စေရန် ၎င်းကို ကြိုးများပတ်၍ ချည်နှောင်ကာ ပြစ်ဒဏ် ပေးထားကြောင်း၊ ကျွမ်းကျင် ဆရာဝန်များနှင့် ပြသရန် စီစဉ်လျက် ရှိကြောင်း မင်းဓမ္မ ဆင်ဖြုတော်ဝင်း အတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဆင်စွယ်ဖြင့် အထိုးခံရ၍ ဆင်ဦးစီး သေဆုံးမှုကို အင်းစိန်မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၇၄ /၂၀၁၃) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အင်းစိန်မြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အသက် ၁၉ နှစ်အရွယ်ခန့်ရှိသည့် ရာဇအဂ္ဂ သီရိပစ္စယဂရောဇာ စွယ်စုံဆင်ဖြူတော်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အထက်နန်းရာ ကျေးရွာအုပ်စုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆင်ဖြူတော် အထီးနှစ်ကောင်နှင့် အမခြောက်ကောင် ပိုင်ဆိုင်ထားပြီး ရန်ကုန်မြို့ မင်းဓမ္မ ဆင်ဖြူတော်ဝင်းတွင် အထီးတစ်ကောင်၊ အမနှစ်ကောင်နှင့် နေပြည်တော် ဥပ္ပသန္တိတ စေတီတော် ဆင်ဖြူတော်ဝင်းတွင် အထီးတစ်ကောင် အမလေးကောင် ထားရှိသည်။

The Voice Weekly

No comments:

Post a Comment