address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 3, 2014

တိုင်းရင်းသား လက်နက်ကိုင်အများစု သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် ကေအိုင်အိုနှင့် ပလောင်အဖွဲ့မှအပ ထောက်ခံဟုဆို


3.3.2014

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ဆောင်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပလောင်ပြည် လွတ်လပ်ရေးတပ်ဦး (PSLF) တို့မှအပ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၅၄ ဖွဲ့က ထောက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

နေပြည်တော်တွင် မတ်လ ၁ ရက်မှ ၂ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ ဆက်တိုက် တွေ့ဆုံအပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထောက်ခံကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“လာတက်တဲ့ အဖွဲ့တွေကတော့ သန်းခေါင်စာရင်းကို ထောက်ခံတယ် ဆိုတာရယ် အဓိကက သန်းခေါင်စာရင်း မေးခွန်းတွေ ဖြေရာမှာ အန္တရာယ် တစ်စုံတစ်ရာ ရှိနိုင်လား ဆိုတာကို ထပ်မေးကြတယ်” ဟု ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။

ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကမူ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပအိုဝ့် လူမျိုးများ နေထိုင်ရာ ဒေသများသို့ ရှင်းလင်းပွဲများ လှည့်လည် ပြုလုပ်နေကြောင်း ယင်းအဖွဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းနွယ်နွယ်က ပြောကြားသည်။

သို့သော် အဆိုပါ သန်းခေါင်စာရင်း ဆိုင်ရာ ဆွေးနွေးပွဲများသို့ အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့ ပါဝင် တက်ရောက်ခြင်း မရှိကြောင်း၊ ကေအိုင်အိုကို ဖိတ်ကြားသော်လည်း မအားလပ်ဟု အကြောင်းပြန်ခဲ့ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။

ယင်းအတွက် ကေအိုင်အို နယ်မြေနှင့် ပလောင်ဒေသတို့အတွက် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများကို ထပ်မံညှိနှိုင်းရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနှင့်မူ သန်းခေါင်စာရင်း ကောက်ယူရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ရှင်းပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသား အဖွဲ့အစည်းအချို့ ကန့်ကွက်ထားသည့် လူမျိုး ၁၃၅ မျိုးအပေါ် အခြေခံထားမှုကို သန်းခေါင်စာရင်း ကောက်ယူပြီးချိန်တွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ကော်မတီများဖြင့် ညှိနှိုင်း စိစစ်၍ ပြန်လည် ပြင်ဆင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment