တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲတွင်
ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့
(NCCT) ၏ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏
ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် မြစ်ကြီးနား၊
ရန်ကုန်မြို့များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာ၏
ပြောကြားချက်အရ သိရသည်။
ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် မြစ်ကြီးနားမှ
ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် လာရောက်ရန် စီစဉ်ထားကြောင်း
သိရသည်။
PCG မှ ဦးလမိုင်ဂွန်ဂျာက "ထိုင်းကို အစည်းအဝေး
သွားတက်မှာပါ။ ဗိုလ်ချုပ်ဂွမ်မော်နဲ့အတူ မြစ်ကြီးနားက အလုပ်အဖွဲ့လည်း
ပါမယ်။ ထိုင်းကိုထွက်ဖို့အတွက် မနက်ဖြန် သန်ဘက်ခါမှာ ဗီဇာလုပ်ရမှာ။
လိုင်ဇာကွန်ဖရင့်က ဖွဲ့လိုက်တဲ့ ၁၄ ဦး ပါတဲ့အဖွဲ့နဲ့
ထိုင်းမှာဆွေးနွေးဖို့ သွားမှာပါ" ဟု နိုဝင်ဘာ ၁၇ ရက် ညပိုင်းက
ပြောကြားသည်။
ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၇
ရက် ည ၈ နာရီ ၀န်းကျင်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိမည်ဟု
သိရှိရသော်လည်း လေယာဉ်ထွက်ခွာရန် အခက်အခဲအချို့ ရှိသောကြောင့် နိုဝင်ဘာ ၁၇
ရက် ည ၁၀ နာရီ ၀န်းကျင်မှသာ မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့
လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာလာမည်ဟု သိရကြောင်း ဦးလမိုင်ဂွန်ဂျာက
ပြောကြားသည်။
ဗိုလ်ချုပ်ဂွမ်မော်၏ ရန်ကုန်မြို့ ခရီးစဉ်နှင့်
ပတ်သက်၍ Myanmar Peace Center ရှိ တာဝန်ရှိသူများအား နိုဝင်ဘာ ၁၇ ရက်
ညပိုင်းက ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့သို့
လာရောက်မည်မှာ မှန်သော်လည်း MPC နှင့် ဆွေးနွေးမှု ပြုလုပ်ရန် အစီအစဉ်
ရေးဆွဲထားမှု မရှိသေးဟု MPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment