address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 5, 2013

SEA Games အတွက် လက်မှတ် ထုတ်ယူနိုင်မည့် နေရာများ ရက်ပိုင်းအတွင်း ကြေညာမည်



5.11.2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲကို လာရောက် ကြည့်ရှုမည့် ပရိသတ်များအတွက် လက်မှတ် ထုတ်ယူနိုင်မည့် နေရာများကို ရက်ပိုင်းအတွင်း ကြေညာမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမိုးဇော်ထွဋ်က ပြောကြားသည်။

လူစည်ကားရာ နေရာများဖြစ်သည့် City Mart, Junction Center ကဲ့သို့သော နေရာများနှင့် အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများတွင် ယင်းလက်မှတ်များ ထုတ်ယူနိုင်မည်ဟု ပွဲကြည့်ခွင့် လက်မှတ် ပြုလုပ်ရေးအတွက် တာဝန်ယူထားသူ ၎င်းကဆိုသည်။

အားကစားနည်း ၃၂ မျိုးကို ကြည့်ရှုနိုင်မည့် ယင်းလက်မှတ်များကို ဘားကုတ်များဖြင့် ပြုလုပ်ထားကြောင်း၊ ယင်းလက်မှတ်များမှာ SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲနှင့် ဘောလုံးပွဲစဉ်များကို ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦးက ဖြည့်စွက် ပြောကြားသည်။

လက်မှတ် ထုတ်ယူလိုသည့် ပရိသတ်များ အနေနှင့် ဓာတ်ပုံနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများဖြင့် ထုတ်ယူကြရမည် ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်စေခြင်းမှာ လုံခြုံရေး အခြေအနေများကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲများ၏ အုပ်စုပွဲစဉ်များကို ရန်ကုန်နှင့် နေပြည်တော် တို့၌ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သော်လည်း ယင်းပြိုင်ပွဲများကို ကြည့်ရှုလိုသည့် ပရိသတ်များအတွက် လက်မှတ်များကို ရောင်းချမည့် နေရာ၊ ဈေးနှုန်းနှင့် ရောင်းချမည့်ရက်ကို လက်ရှိ အချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ရန်ကုန်မြို့တွင် အားကစားနည်း ၇ မျိုး၊ မန္တလေးတွင် အမျိုးသမီးဘောလုံး ပြိုင်ပွဲနှင့် ငွေဆောင်တွင် ရွက်လှေ ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီး ကျန်အားကစား ၂၄ မျိုးကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲ တစ်ခုလုံး၏ ဖွင့်ပွဲကျင်းပရန်မှာ ရက်ပေါင်း ၃၆ ရက်သာ ကျန်တော့သည်။

The Voice Weekly

No comments:

Post a Comment