address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 17, 2014

ဘန်ကောက်မြို့တွင်း ဆန္ဒပြသူများကြား ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သော မြန်မာအလုပ်သမား ယခုတစ်ပတ်အတွင်း ဆေးရုံဆင်းတော့မည်ဖြစ်


17.1.2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆန္ဒပြသူများအား ဇန်နဝါရီ (၈)ရက်နေ့ ထိုင်းအစိုးရက ပစ်ခက်မှုတွင် ဒဏ်ရာရရှိ ခဲ့သော မြန်မာအလုပ်သမားတစ်ဦး၏အခြေအနေ စိုးရိမ်ဖွယ် မရှိသောကြောင့် ယခုတစ်ပတ် အတွင်း ဘန်ကောက်ဆေးရုံမှ ပြန်လည်ဆင်းတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားအလုပ်ကိုင်နှင့် လူမှုဖူ လုံရေးဝန်ရှိကြီးဌာနမှ ဇန်နဝါရီ ၁၇ ရက်နေ့က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်းဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သား တစ်ဦးသည် မူလတွင် သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော် လည်း အဆိုပါ မြန်မာအလုပ်သမား တစ်ဦးသည် ဘန်ကောက်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းအား ထိုင်းနိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ အလုပ်သမားအလုပ်ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဘတ် ၅၀၀၀ ထောင်းအား ထောက်ပံ့ပေးထားကြောင်း မြန်မာနိုင်ငံအလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူလုံရေး ဝန်ရှိကြီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးအောင်က ပြောသည်။

“ဆန္ဒပြတဲ့ အထဲမှာတော့ သူတော့မပါဘူး ဒါပေမယ့် မုန့်သွားပို့ရင်းနဲ့ အပစ်ခံရတာ အခြေအနေ ကတော့  ကောင်းပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးနဲ့  ကျွန်တော်တို့ ဝန်ကြီးဌာနက ဟိုမှာရှိတဲ့အဖွဲ့တွေနဲ့ ချိတ် ဆက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ဦးမျိုးအောင်ကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဆန္ဒပြမှုအခြေ အနေသည် ကြီးထွားလာလျက်ရှိပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ် ဆင်းပေးရန်အတွက် ဆန္ဒပြသော အဆိုပါပွဲတွင် ဘန်ကောက်မြို့အဓိက ကားလမ်း၊ ရထားလမ်းနှင့် လေယာဉ်ကွင်းများတွင် ပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိရာ ယင်းကဲ့သို့  နေရာများနှင့် ဆန္ဒမှုများတွင် မြန်မာလုပ်သားများပါဝင်မှု မရှိရန်လည်း အစိုးရမှထုတ်ပြန်ထားကြောင်း သိရသည်။

“ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း သံရုံးကတော့ မြန်မာတွေကို အဲ့လိုနေရာတွေမသွားဖို့ တော့အမိန့် ထုတ်ထားတယ်။ ထိုင်းနိုင်ငံ အလုပ်ရှင်တွေနဲ့ အလုပ်သမား ခေါင်းဆောင်တွေကိုလည်း အဲ့ဒီထဲကို မြန်မာအလုပ်သမားတွေကို ဆွဲမထည့်ဖို့ လည်းပြောထားတယ် ” ဟု ဦးမျိုးအောင်က ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ အလုပ်ကိုင်အခြေအနေများကြောင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့  တရားဝင်လမ်းကြောင်းနှင့် တရားမဝင်လမ်းကြောင်းမှ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ် သမားဦးရေ ၂ သန်း ကနေ ၃ သန်း နီးပါး ရှိမည်ဟု နှစ်နိုင်ငံအစိုးရက ခန့်မှန်းထားကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment