address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

ကရင်နီဒုက္ခသည်များနေထိုင်ရန် လျာထားသည့် နေရာများတွင် မြေမြှုပ်မိုင်းများ ရှိနေဆဲထောင်ထားသည့်မိုင်းများ ရှင်းလင်းပေးရန် KNPP က တပ်မတော်ကို တိုက်တွန်း


13.1.2014

ထိုင်းနယ်စပ်တွင် စစ်ဘေးတိမ်းရှောင်နေသော ကရင်နီဒုက္ခသည်များ ပြည်တွင်း ပြန်လည်နေထိုင်ရန် သတ်မှတ်ပေးထားသည့် မြေနေရာများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း အစိုးရနှင့် အပစ်ရပ်ထားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှစစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဇန်န၀ါရီ ၁၂ ရက် တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

ကရင်နီဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ကယားပြည်နယ် ဒီမောဆိုမြို့အတွင်းရှိ စံပြ ကျေးရွာ ဆောက်လုပ်ရန် လျာထားသော မယ်လယုဒေသအပါအ၀င် ကရင်ပြည်နယ် ဒုက္ခသည်များအ တွက် လျာထားသည့်နေရာအများစုတွင် အစိုးရနှင့် ကရင်နီလက်နက်ကိုင်အဖွဲ့များ စစ်ဖြစ်ပွားစဉ်က ထောင်ထားသော မိုင်းများရှိနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ထောင်ထားတာတွေလည်း အနည်းအကျဉ်းတော့ ရှိသေးတယ်။ ဒါပေမဲ့ တည်နေရာပြ မြေပုံတွေရှိတဲ့အတွက် ချက်ချင်းရှာလို့ရတယ်။ အဓိက ကတော့ အစိုးရဘက်က ထောင်ထားတာတွေကို လည်း အမြန်ဆုံးဖော်ဖို့လိုတယ်”ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

ထိုင်းနိုင်ငံတွင် ခိုလှုံနေသော ကရင်နီဒုက္ခသည်များအနေဖြင့် ထိုင်းအစိုးရမှ ရိက္ခာလျှော့ချခြင်းများ ရှိနေ ပြီး ၂၀၁၃ ဒီဇင်ဘာက တင်းမာခဲ့သည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ အပါအ၀င် ကရင်နီဒုက္ခ သည်များအနေဖြင့် ပြည်တွင်းပြန်လာရန် ဆန္ဒရှိသော်လည်း စိုးရိမ်မှု များနေသည်။ “ပြည်တွင်းမှာ ပြန်နေ မယ်ဆိုရင် ကျွန်မတို့အတွက် လုံခြုံပါ့မလား”ဟု မယ်ဟောင်ခရိုင် ဒုက္ခသည်စခန်း(၁)မှ မလော်မယ်က ဆိုသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “ရန်သူသွားလာနိုင်တဲ့ လမ်းကြောင်းတွေ၊ လက်လှမ်းမမီတဲ့နေရာတွေ ဒါ သူတို့ လက်နက်ကြီးချထားနိုင်တဲ့ နေရာလား ပစ်မယ့်နေရာတွေ ရွေးထောင်တယ်။ ဒါပေမဲ့ မများပါဘူး များတာ ၂၀၀၅ မှပဲ များတာ။ ကလလတ (ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်ဦး) နဲ့ တပ်နဲ့ ၀င်တိုက်တော့ ထောင်ထားတာ ၂၀၀၀ လောက်ရှိတယ်။ ဒါပေမဲ့ ပြုတ်သွားပြီ မရှိတော့ဘူး”ဟု သူက ပြောသည်။

အစိုးရနှင့် ကရင်နီလက်နက်ကိုင်တို့၏ စစ်ပွဲများကြောင့် လွိုင်ကော်၊ ဖရူဆို၊ ရှားတော့၊ နွားလပို့၊ ဘော်လ ခဲဒေသများတွင် ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည် ၃၀၀၀ ကျော်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်အမှတ် (၁) နှင့် အမှတ်(၂) ဒုက္ခသည်စခန်းများတွင် နေထိုင်သူ ဒုက္ခသည် ၁၆,၀၀၀ ကျော် ရှိသေးသည်။

အဆိုပါ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို ထိုင်းနိုင်ငံအစိုးရမှ ယာယီနိုင်ငံသားကတ် (အစိမ်း)ရောင် ထုတ်ပေးထားသည်။ ယင်းဒုက္ခသည်များကို ထိုင်းအစိုးရက ၂၀၁၂ စက်တင်ဘာမှ စတင် ပြီး ရိက္ခာလျှော့ချမှုများ ပြုလုပ်ခဲ့သည်။

Mizzima

No comments:

Post a Comment