address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 5, 2015

မော်လမြိုင်မှာ နိုင်ငံခြား ငွေလွှဲအိမ်ကို သေနတ်ကိုင်တစ်ဦး ဝင်ရောက်လုယက်




5.1.2015

မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပဲဆီရုံလမ်းမှာရှိတဲ့ နိုင်ငံခြား ငွေလွှဲလုပ်ကိုင်တဲ့ ဒေါ်ရင်မြနေအိမ်ကို ဇန်နဝါရီလ ၃ရက် ညနေ ၄နာရီခန့်က သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး ဝင်ရောက်လုယက်ခဲ့တယ်လို့ ပဲဆီရုံလမ်းနေ ဦးမြင့်ဦးက ပြောပါတယ်။

သေနတ်နဲ့ ဝင်ရောက် လုယက်သူဟာ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာနေ အသက် ၄၀ အရွယ် ဦးအောင်ထွေးမိုးဖြစ်ပြီး သူဆီကနေ မြန်မာနိုင်ငံသား မှတ်ပုံတင်နဲ့ ယာဉ်မောင်း လိုင်စင်အပြင် ထိုင်းနိုင်ငံသား မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင် တို့ကို သိမ်းဆည်းရရှိကြောင်း မော်လမြိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

ဦးအောင်ထွေးမိုးဟာ ဆိုင်ကယ် ဦးထုပ်မှန်ကာချထားပြီး ဒေါ်ရင်မြ နေအိမ်အတွင်းသို့ ငွေခွံအိတ်တစ်လုံးနဲ့ ဝင်ရောက်ခဲ့ပြီး ငွေခွံအိတ်ထဲက သေနတ်ကို ထုတ်ပြီးတော့ အိမ်ရှင်ကို သေနတ်ဖြင့်ချိန်ပြီး ပိုက်ဆံတွေကို အိတ်ထဲ ထည့်ခိုင်းတယ်လို့ ရဲမှတ်တမ်းတွေ အရ သိရှိရပါတယ်။

“ငွေခွံအိတ်ထဲက သေနတ်ထုတ်ပြီး ကျွန်မကိုချိန်တယ်။ ဒါသေနတ်အတု မဟုတ်ဘူး။ အစစ် ပိုက်ဆံပေးလို့ တောင်းတယ်။ ပိုက်ဆံ မရှိဘူးဆရာလို့ ပြန်ပြောတော့ ‘ရှိသလောက်ထုတ်’လို့ ပြောတယ်။ ကျွန်မ တကယ်မရှိဘူးလို့ပြောပြီး ရှိခိုး တောင်းပန်တယ်” လို့ ဒေါ်ရင်မြက ရဲစခန်းမှာ ထွက်ဆိုပါတယ်။

အိမ်ရှေ့ မျက်နှာချင်းဆိုင်မှာ ဆိုင်ကယ်ပြင်နေတဲ့ ရဲထွဋ်အောင်ကို လှမ်းခေါ်ပြီး အကူအညီ တောင်းခဲ့တယ်လို့လည်း သူက ထွက်ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါ်ရင်မြရဲ့ သားဖြစ်သူ ကျော်မင်းဌေးနဲ့ တူတော်စပ်သူ မျိုးမင်းဦး အပြင် ရဲထွဋ်အောင်တို့က ငွေလုယက်သူ ဦးအောင်ထွေးမိုးကို ဝင်ရောက် လုံးထွေး ဖမ်းဆီးရာ ဦးအောင်ထွေးမိုးက သေနတ် တစ်ချက် ပစ်ဖောက်ခဲ့တယ်လို့ မြို့မ ရဲစခန်းကနေ သိရှိရပါတယ်။

ဦးအောင်ထွေးမိုးဆီက တရုတ်နိုင်ငံထုတ် သေနတ်အတိုတစ်လက်နဲ့ ကျည်ဆံ ၁၀ တောင့် ဖမ်းဆီးရရှိခဲ့တယ်လို့ အဲဒီစခန်းကနေ သိရှိရပါတယ်။

ဦးအောင်ထွေးမိုးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၄ ဖြင့် အရေးယူထားပြီး သေနက်ကိုင်ဆောင်ခြင်းကြောင့် လက်နက် အက်ဥပဒေပုဒ်မ ၁၉ (စ)၊ လိုင်စင်မဲ့ကား မောင်းနှင်မှုကြောင် သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ အရလည်း အမှုဖွင့် အရေးယူထားတယ်လို့ မော်လမြိုင် မြို့မရဲစခန်းကနေ သိရှိရပါတယ်။

The Voice Weekly

No comments:

Post a Comment