address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 5, 2015

သမ္မတနှင့် ကာချုပ်အား တိုင်းရင်းသား လက်နက်ကိုင် များဘက်မှ KNU ဥက္ကဋ္ဌ မူတူစေးဖော ဦးဆောင် ဆွေးနွေးမည်


5.1.2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေး ရာတွင် ဗိုလ်ရှုခံ အခမ်းအနားပွဲသို့ တက်ရောက် လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့ဘက်မှ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူ စေးဖော ဦးဆောင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ထံမှ သိရသည်။

ယင်းကဲ့သို့ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (၁၂) ဖွဲ့မှ ခေါင်းဆောင်များ တစ်နာရီ ကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အားလုံး၏ သဘော တူညီချက်ဖြင့် KNU ဥက္ကဋ္ဌ အား ဦးဆောင် ဆွေးနွေးရန် အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ အနေနဲ့ သမ္မတနဲ့ ကာချုပ်နဲ့ တွေ့ရင် တက်ရောက် လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ကလည်း များတော့ တစ်ယောက် တစ်ပေါက်နဲ့ အလုပ် မဖြစ် မှာလည်း စိုးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘယ်လို အချက်တွေကို တင်ပြမယ်၊ ဘယ်လို အချက်တွေကို ဆွေးနွေးသွားမယ် ဆိုတာ တစ်ခါတည်း ပိုင်းဖြတ် လိုက်တယ်။ ပြီးတော့ ဦးဆောင် ဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီး စောမူတူ စေးဖောကို ရွေးချယ် လိုက်တာပါ ဟု ပအို့(၀်) လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger Media သို့ပြောသည်။

ယင်းကဲ့သို့ နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့အား တင်ပြ ဆွေးနွေးရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်တိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့ ဆွေးနွေးခဲ့သည့် အချက်များကို ယမန်နေ့က ဆွေးနွေးသော တိုင်းရင်းသား လက်နက်ကိုင်များ အစည်းအဝေးတွင် ထုတ်နုတ် ထားပြီး အဆိုပါ အချက်များကို တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) ထံမှ သိရသည်။

ကျွန်တော်တို့ တစ်ယောက်ကို ငါးမိနစ်လောက်ပဲ စကားပြောရမယ် ဆိုတော့ အချိန် နည်းသွား နိုင်တယ်။ ဒါကြောင့် အားလုံးလည်း အဆင်ပြေ အကျိုး ရှိအောင် ဦးဆောင် ဆွေးနွေးမယ့် တစ်ဦး တစ်ယောက်ကို ရွေးလိုက်တာပါ။ NCCT ထဲမှာ RCSS မပါပေမယ့် NCCT ရဲ့ နိုင်ငံရေး လိုအပ်ချက် တော်တော် များများ ကတော့ ကျွန်တော်တို့ အဖွဲ့နဲ့ တူပါတယ် ဟု RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလှက The Messenger Media သို့ ပြောသည်။

ယနေ့ နံနက် (၉) နာရီ အချိန်ခန့်တွင် ဗိုလ်ရှုခံ အခမ်းအနားပွဲသို့ တက်ရောက် လာသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၂) ဖွဲ့  ခေါင်းဆောင် များ တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ပြီး၊ သမ္မတနှင့် တွေ့ဆုံ ပြီးနောက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထပ်မံ တွေ့ဆုံ သွားမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ထံမှ သိရသည်။

အဆိုပါ ဗိုလ်ရှုခံ အခမ်းအနားသို့ တက်ရောက်ရန် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (၁၆) ဖွဲ့ ထံသို့ တရားဝင် ဖိတ်စာပို့၍ ဖိတ်ကြားခဲ့ သော်လည်း ချင်း အမျိုးသား တပ်ဦး(CNF)၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုးမထား သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO)၊ တအောင်း လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment