address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 28, 2015

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံး ထပ်မံဖွင့်လှစ်ရန် စီစဉ်နေ


28.1.2015

ထားဝယ်-ထီးခီးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ပူးပေါင်း ဆက်ဆံရေးရုံကို ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း လူကုန်ကူးတားဆီး နှိမ်နင်းရေး (ဗဟို) မှ သိရသည်။

““ထားဝယ် စီးပွားရေးဇုန်ကလည်း လုပ်နေပြီဆိုတော့ လူအ၀င်အထွက် အရမ်းများလာမယ့် အခြေအနေတွေ ရှိတယ်။ ပြီးတော့ အဲဒီလမ်းပိုင်း ကလည်း တခြားနယ်စပ် တွေကိုသွားတဲ့ လမ်းနဲ့ယှဉ်ရင် သွားချိန်က တိုတိုလေး၊ တချို့ထားဝယ်ဘက်က ဒေသခံ တွေတောင် ဟိုဘက်ကိုသွားပြီး နေ့ချင်းပြန် အလုပ်လုပ်တဲ့ သူတွေရှိတယ်””ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (ဗဟို) မှဒုရဲမှူးကြီး ခင်မောင်လှက ပြောသည်။ အဆိုပါ နေရာတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံ အစိုးရနှင့် ဆွေးနွေးနေပြီး ဖွင့်လှစ်မည့်ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောသည်။

ထားဝယ်မြို့မှ ထိုင်းနိုင်ငံ နယ်စပ် ကန်ချနာဘူမြို့သို့ သွားရောက်မည်ဆိုပါ က (၈) နာရီသာ ကြာမြင့်ပြီး ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်ထားသောကြောင့် အဆိုပါနေရာတွင် မြန်မာအလုပ် သမားများစွာ ရှိနေကာ လူကုန်ကူးခံရဖွယ် အနေအထားများ ကြောင်း ၎င်းက ဆိုသည်။

““လူအ၀င်အထွက်က အရမ်းများတယ်၊ စီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းဆည်း ခံရတော့ တချို့ဆို နယ်စပ်ဘက်ကို ထွက်သွား ကြတယ်၊ တချို့ဆို သတင်းအစအန မကြား ရဘူး၊ တချို့ကြတော့လည်း တခြားနယ်ကနေလာ အလုပ် လာလုပ်ကြတယ်၊ မအူမလည်နဲ့ သတင်း မကြားရတဲ့ သူတွေ အများကြီး ပတ်ဝန်းကျင်မှာ ကြားနေရတယ်””ဟု ထားဝယ်မြို့တွင် နေထိုင်သည့် ဒေသခံ ကိုပိုင်က ပြောသည်။ မြန်မာနိုင်ငံမှ အလုပ်သမား အများစုသည် ထိုင်းနိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် ၀င်ရောက် အလုပ်လုပ်ရာမှ တစ်ဆင့် လူကုန်ကူးမှုများ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ဆက်ဆံရေးရုံး များကို မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်-ချင်းမိုင်၊ ကော့သောင်း-ရနောင်း၊ မြ၀တီ-မဲဆောက် တို့၌ ဖွင့်လှစ်ထား ပြီး သတင်း အချက်အလက်များ ဖလှယ်နိုင်ခြင်း၊ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ခြင်း၊ ပူးပေါင်း စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခြင်း၊ လူကုန်ကူး သူများကို ပြန်လည်လက်ခံခြင်း၊ ကယ်တင်ခြင်းများကို အဓိကထား၍ ဆောင် ရွက် နေကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment