address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 6, 2015

တရုတ်နှင့် ထိုင်းစာပါ စားသုံးရန်မသင့် တားမြစ်ထားသည့် စားသောက်ကုန်များ မန္တလေးမြို့တွင် ထုတ်လုပ်နေဟု ဆို




6.1.2015

စားသုံးသူရေးရာ ကော်မတီနှင့် FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) တို့က စားသုံးရန် မသင့်ဟု တားမြစ်ထားသော အစားအသောက်များထဲတွင် ပြည်တွင်းမှာပင် အတု ထုတ်လုပ်သည့် တရုတ်စာနှင့် ထိုင်းစာများ ရိုက်နှိပ်ထားသည့် စားသောက်ကုန် အချို့လည်း ပါဝင်နေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူဦးစီးဌာန တွဲဖက်အတွင်းရေးမှူး (၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။

“ဈေးကွက်ထဲ စစ်ဆေးတဲ့အချိန်မှာ တရုတ်စာတွေပဲ ရိုက်နှိပ်ဖော်ပြထားတဲ့ အစားအသောက်တွေကို တွေ့ရတယ်၊ အဲဒီ အစားအသောက် ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေ ဖော်ပြထားတာ မရှိဘူး၊ ထောက်ခံချက်တွေ ဘာမှ ဖော်ပြထားတာ မပါဘူး” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ တရုတ်စာများဖြင့် ဖော်ပြထားသည့် စားသုံးရန်မသင့်ဟု တားမြစ်ထားသော မုန့်အများစုကို မန္တလေးမြို့တွင် ထုတ်လုပ်လျက်ရှိနေသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံးသူ အငြင်းပွား မှုဖြေရှင်းရေးအဖွဲ့က သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ဥပဒေအရ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

“အားလုံးမဟုတ်ပေမယ့် အများစုကတော့ မန္တလေးမြို့မှာ ထုတ်လုပ်နေတယ်၊ နယ်စပ်တွေကနေ တရားမဝင် သွင်းတာလည်း ရှိကောင်း ရှိမှာပေါ့၊ နယ်စပ် ဂိတ်တွေကနေ တရားဝင်သွင်းမယ် ဆိုရင်တော့ သက် ဆိုင်ရာ ဓာတ်ခွဲခန်းတွေကို ပေးပို့ စစ်ဆေးပြီး ထောက်ခံချက် လက်မှတ်ရမှ တင်သွင်းခွင့်ပေးပါတယ်” ဟုလည်း ဦးခင်ဇော်က ရှင်းပြသည်။

ထို့အပြင် ထိုင်းနိုင်ငံထုတ် အချိုရည်၊ ငံပြာရည်၊ စားသုံးဆီများလည်း အတုများ ထွက်ရှိနေပြီး မြန်မာပိုင် နယ်စပ်မြို့များကပင် ယင်း စားသောက်ကုန် အတုများထုတ် လုပ်လျက်ရှိနေကြောင်း၊ သို့ရာတွင် စစ်ဆေးဆဲကာလတွင် သတင်းထုတ်ပြန်ခြင်း မပြုရန် ကော်မတီ စည်းကမ်းချက်များကြောင့် ဇန်န၀ါရီလကုန်မှသာ လချုပ် သတင်းအဖြစ် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆိုသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တွဲဖက်အတွင်းရေးမှူး ဦးခင်ဇော်က ငံပြာရည်အတုနှင့် စားသုံးဆီထုပ် အတုတို့ကိုပြ၍ “ဒါတွေက ထိုင်း နိုင်ငံနဲ့နီးတဲ့ နယ်စပ်မြို့တွေမှာ စစ်ဆေးလို့ တွေ့ရှိခဲ့ တာပါ၊ တကယ့် အစစ်နဲ့မခြား လုပ်ထားပေမယ့် ကျွန်တော်တို့မှာ အတုအစစ်ခွဲဖို့ ဓာတ်ခွဲခန်းတွေ စက် ပစ္စည်းတွေ လုံလောက်စွာ ရှိပါတယ်” ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ၀န်ကြီးဌာနအားလုံး၏ ဒုတိယ ဝန်ကြီးများ၊ စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ် ဖွဲ့စည်းထားသည့် စားသုံးသူ အကာအကွယ်ပေးရေး ကော်မတီသည် အစားအသောက်၊ဆေးဝါး၊အလှကုန်များသာမက အ၀တ်အထည်၊ အိမ်သုံးပစ္စည်းနှင့် ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းများကိုပင် ကိုင်တွယ်ဖြေရှင်းမှုများ ဆောင်ရွက်လျက်ရှိ သည်ဟု ဆိုသည်။

Mizzima

No comments:

Post a Comment