address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, January 23, 2015

လှိုင်းဘွဲမြို့နယ်အတွင်း KCBNG ကရင်လူမှုအဖွဲ့မှ စာသင်ကျောင်းသစ် တစ် ကျောင်း ဆောက်လုပ်ပေး





23.1.2015

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီးကလိုးသော့ ကျေးရွာတွင် ဒေါနအရှေ့ ဘက်ဒေသအခြေစိုက် ကရင်လူထု အခြေပြုကွက်ရက်(KCBNG)မှ ဦးစီး၍ အခြေခံပညာ မူလတန်းအဆင့် စာသင်ကျောင်းသစ် တစ်ကျောင်း ဆောက် လုပ်ပေးခဲ့ပြီး လာမည့် ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ကျောင်းဖွင့်ပွဲကျင်းပရန် စီစဉ်နေသည်ဟု KCBNG မှ တာဝန်ရှိသူ နော်စန္ဒာဝိုင်းက ပြောသည်။

“အဓိကကတော့ ကရင်ကျောင်းတွေမှာ ကရင်စာကို သင်ကြားနိုင်ဖို့၊ လိုအပ်တဲ့ ကျောင်းတွေကို အသစ်မွမ်းမံ ပြန်ဆောက်ဖို့က ကျမတို့ မျှော်လင့်ချက်ပဲလေ။ အဲဒီကျောင်းကို ဆောက်ဖြစ်တာက ကျောင်းအင်္ဂါရပ်နဲ့ညီအောင် ဆောက်ပေးတာပါ။ အခုတော့ ပြီးသလောက်ရှိနေပြီ၊ လာမယ့်လ ၂၀ရက်နေ့ကျရင် ကျောင်းဖွင့်ပွဲ ပြုလုပ်ဖို့ စီစဉ်နေတယ်”ဟု နော်စန္ဒာဝိုင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းစာသင်ကျောင်းဆောက်လုပ်မှုကို ကရင်ပြည်နယ် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် နယ်မြေခံ ဒီမိုကရေစီအကျိးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့ ခွင့်ပြုချက်တို့ကို ရယူပြီး Norwegian People’s Aid အကူအညီဖြင့် ထိုင်းဘတ်ငွေ ၁၄သိန်းကျော် အကုန်ကျခံကာ အုတ်ဖြင့် ဆောက်လုပ်ခြင်းဖြစ် သည်ဟု နော်စန္ဒာဝိုင်းက ဆက်ပြောသည်။

ယခင်နှစ် နိုဝင်ဘာလ ကတည်းက စတင်တည်ဆောက်လုပ်ပြီး စာသင်ခန်း ၄ခန်းရှိသော အဆိုပါ စာသင် ကျောင်းကို ဖွင့်လှစ်ပြီးစီးပါက ကရင်ပညာရေးဋ္ဌာန(KED)၏ သင်ရိုးညွှန်းတမ်း ရယူကာ ၎င်းဒေသရှိ ထီးကလိုး သော့၊ ထီးကနဲ၊ ကလူထော အပါအ၀င် ရွာ(၅)ရွာတို့မှ ကလေးသူငယ်များအား သင်ကြားပို့ချသွားမည်ဟု KCBNG က ပြောသည်။

လက်ရှိ ထီးကလိုးသော့ ကျေးရွာ၌ ပထမတန်းမှ စတုတ္တတန်းအထိ သင်ကြားပို့ချသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအဟောင်းတည်ရှိပြီး ယင်းကျောင်းတွင် ရွာခန့် ကျောင်းဆရာမ (၁)ဦးနှင့် အစိုးရမှ ပို့လာသည့် ကျောင်းဆရာမ ၅ဦးတို့မှ ကျောင်းသူကျောင်းသား ၆၀ကျော်အား မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနှင့် (ကြက်ယက်ကရင်စာ)စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးလျှက်ရှိသည်ဟု သိရသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်မှုအပေါ် (KED) အတွင်းရေးမှူး စောလောအယ်မူးက “ကျောင်းဆောက်တဲ့ ကိစ္စက ကျနော်တို့ သိထားပါတယ်။ အသေးစိပ်ကိုတော့ ကျနော်တို့ မသိရသေးဘူးပေါ့နော်။ သက်ဆိုင်ရာ သူတွေနဲ့ တွေ့ဆုံဆွေးနွေးရအုံးမယ်။ ကရင်ပြည်သူတွေ ကိုယ့်ကရင်စာပေနဲ့ ယဉ်ကျေးမှု သင်ကြားနိုင်ဖို့က ကျနော်တို့အနေနဲ့ အမြဲတမ်း အားပေးအားမြောက်တယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။”ဟု ပြောသည်။

KCBNG ကို ကရင်စာပေ ထိန်းသိမ်းရာ၌ အထောက်အကူပြုရန်နှင့် ခေါင်းဆောင်မှုအပိုင်းတွင် ဒေသခံလူထုများ ပါဝင်နိုင်ရန် ရည်ရွယ်ပြီး ၂၀၁၃ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့က KNU ကော့ကရိတ်မြို့နယ် အရှေ့ဒေါနဒေသတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယင်းဒေသရှိ ကိုယ်ထူကိုယ်ထ ကရင်စာသင်ကျောင်း ဆောက်လုပ်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိသည်။

ကေအိုင်စီ

No comments:

Post a Comment