address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 5, 2015

အမေများနေ့အထိမ်းအမှတ် ကေအိုင်အေ ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသား များလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်





5.1.2015

ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်မည့် အမေများနေ့ အကြိုမိခင်ချင်းကိုယ်ချင်းစာနာ စိတ်ဖြင့် ကေအိုင်အေမှ အဓမ္မ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံရသော လူငယ်များအတွက် ဆွမ်းသွတ် အမျှဝေခြင်းနှင့် ဖမ်းဆီးခံလူငယ် များ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့အခမ်းအနား ကို ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုး များမှ စုပေါင်းပြီး မြစ်ကြီးနားမြို့ ဆုတောင်းပြည့်စေတီ၌ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘တောထဲတောင်ထဲ အခုလိုအသက်ဆုံးရှုံးခံသွားရတဲ့ ကလေး တွေကို ရည်ရွယ်ပြီး လုပ်တဲ့ပွဲလေးပါ။ ကျွန်တော်တို့ ရှမ်းတွေမတိုးတက်တာဘာလဲ အဖြေရှာကြည့် လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ မွေးထားတဲ့ သားသမီးတွေ (၁၅) နှစ်၊ (၁၆) နှစ် ဆယ်တန်း စာမေးပွဲဖြေရင်း တန်းလန်းကြီး တောင် ပါသွားတာရှိတယ်’’ဟု သျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်ကဆိုသည်။

ယခုအချိန်အထိ ကေအိုင် အေက ဖမ်းဆီးခေါ်ဆောင်ထားသူ ရှမ်းတိုင်းရင်းသား ၂၃၄ ဦးရှိနေကြောင်းလည်း ၎င်းကပြောသည်။

‘‘အခုလို သူတို့ရဲ့ခံစားချက် ကို ဖော်ထုတ်တာဟာ ကောင်းတဲ့ လုပ်ဆောင်မှုဖြစ်တယ်။ သူတို့ရဲ့ အခွင့်အရေးလည်းဟုတ်တယ်။ ဒါပေမဲ့ ဒီနေ့လို လုပ်ဆောင်မှုဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ ရဲ့ လှုံ့ဆော်မှု၊ နိုင်ငံရေးပယောဂ မပါဘဲ ရှမ်းတိုင်းရင်းသားတွေရဲ့ ခံစားချက်သီးသန့်ဖြစ်ဖို့တော့ အရေးကြီးတယ်။ ကိန်းဂဏန်း အရတော့ ကျွန်တော်တို့ ကေအိုင် အေမှာ ရှမ်းအမှုထမ်းတွေ အဲဒီ လောက်မရှိဘူး’’ဟု ကေအိုင်အို အလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကဆိုသည်။

ယနေ့ဆုတောင်းမေတ္တာပို့ ပွဲတွင် ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ ရသည့် မိသားစုဝင်များ ကလည်း ၎င်းတို့၏ ခံစားချက်များကို ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့သည်။

‘‘ကျွန်မသားလေးက မိသား စုအခက်အခဲလေးရှိတော့ ကိုးတန်းဖြေပြီးတော့ နွေရာသီကျောင်းပိတ်ရက်မှာ နန်ဆီအောင်ရွှေမှော်ကိုသွားခဲ့ရပါတယ်။ ကျွန်မသားကို ကေအိုင်အေအဖွဲ့က စုဆောင်းခြင်းခံရပါတယ်။ အခုထိလည်း မလွှတ်သေးပါဘူး’’ဟု မိုးညှင်းမှ ဒေါ်ခင်မာကြည်ကပြောသည်။

ယနေ့ဆုတောင်းပွဲတွေ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများ စုစုပေါင်းဦးရေ တစ်ထောင်ခန့်တက်ရောက်ခဲ့ကြသည်။

7Day Daily

No comments:

Post a Comment