address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 6, 2015

စိတ်ကြွမူးယစ်ဆေးဝါးများ ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိ



6.1.2015

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင်မြို့နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ ကရင်နယ်ခြားစောင့်တပ်က ပြောပါတယ်။

သင်္ကန်းညီနောင်မြို့နယ် ပေါလောသံပုရာကျေးရွာက သစ်ခွဲစက်ရုံတစ်ခုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပြုလုပ်ကြောင်း ကြိုတင်သတင်းရရှိချက်အရ နယ်ခြားစောင့်တပ်ရင်း ၁၀၁၉ က ဗိုလ်ကြီးစောအပိုင် နဲ့ တပ်ဖွဲ့ဝင်တွေဟာ အဲဒီအိမ်ဝင်းကို ၀င်ရောက်စီးနင်းပြီး သစ်ဂိုဒေါင်ရုံထဲ ၀ှက်ထားတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တာလို့ နယ်ခြားစောင့်တပ် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တပ်ရင်းမှူး ဗိုလ်မှူး စောချစ်သူရဲ့ ညွှန်ကြားချက်နဲ့ အဲဒီအိမ်ကို အရင်တပတ်က ၀င်ရောက်ဖမ်းဆီးခဲ့တာပါခင်ဗျ။ ပလပ်စတိတ်အိတ်မည်းထဲ ထည့်ထားတဲ့ ရာဘမြင်းဆေး အလုံးရေ ၁ သိန်း ၃ သောင်းကျော်ကို ဖမ်းမိပါတယ်။ ကျနော်တို့ နယ်မြေထဲမှာ မူးယစ်ဆေး ရောင်းဝယ်မှုတွေ သောက်စားမှုတွေ များတာကြောင့် စီမံချက်နဲ့လုပ်နေတာ။ ဒီမတိုင်ခင်ကလည်း ခဏခဏ မိတယ်။ ဒါပေမယ့် ခုလောက်မများပါဘူး။ ဒါက ၂၀၁၄ ခုနှစ်ထဲ အများဆုံးလို့ ဆိုရပါမယ်။”

အဲဒီနေ့က မူးယစ်ဆေးဝါးတွေနဲ့အတူ အသက် ၂၉ နှစ်ရွယ် စောတီးခေါင် ဆိုသူကိုလည်း ဖမ်းဆီးထားပြီး ဇန်န၀ါရီ ၂ ရက်နေ့က မြ၀တီခရိုင် မူးယစ်ရဲတပ်ဖွဲ့လက်ထဲ အပ်နှံခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စောတီးခေါင်ကတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ သူ့ပစ္စည်းတွေမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ခုလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး မြ၀တီခရိုင်ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ပြောခွင့်မရှိကြောင်း ဒီဗွီဘီကို ဖြေကြားပါတယ်။

DVB

No comments:

Post a Comment