address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 26, 2015

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ် မထိုးမီ နိုင်ငံရေးအာမခံချက် ရရှိရေး အစိုးရထံ တောင်းဆိုမည်ဟု NCCT ဆို


26.1. 2015

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးမီ နိုင်ငံရေးအရ အာ မခံချက် ရရှိရေးအတွက် ပြည်ထောင်စုအစိုးရထံ တောင်းဆိုသွားမည် ဖြစ် ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။

အစိုးရက ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို နိုင်ငံရေးအရ အာမခံ ကတိပြုနိုင်မှသာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မြန်ဆန်မည် ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက ဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ် ခဲ့သော NCCT အစည်းအဝေးတွင် လက်နက်ကိုင် ခေါင်းဆောင်များက ယင်းသို့ သဘောတူခဲ့ခြင်း ဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဖက်ဒရယ်ပြည်ထောင်စု ထူထောင် ရေးဆိုတဲ့ နိုင်ငံရေး အာမခံချက်ကို တောင်းဆိုထားတယ်။ တခြားအချက် တွေလည်း ရှိပါတယ်။ တိုင်းရင်းသားတွေဘက်က အပစ်ရပ် လက်မှတ်ထိုးပြီး တာနဲ့ သင်္ကြန်မတိုင်မီမှာ နိုင်ငံရေးဆွေးနွေးမှုတွေကို လုပ်ချင်တဲ့ သဘောမှာ ရှိတယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညို အုန်းမြင့်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက တောင်းဆိုထားသည့် အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် နိုင်ငံတော် သမ္မတ၊ တပ်မတော် အကြီးအကဲများနှင့် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံမှ သိရသည်။

ယင်းဆွေးနွေးမှု ပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အလွတ်သဘော ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း၊ အလွတ်သဘော တွေ့ဆုံပြီး မှသာ (၇) ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ရက်သတ်မှတ် ၍ ပြုလုပ်သွားနိုင်မည် ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment