address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 18, 2013

အင်းလေး၊ ခေါင်တိုင်ရွာ၊ ဟူပင်ရေပေါ်ဟိုတယ်ပေါ်သို့ ဘုရားပွဲ မီးပုံးပျံ ပြုတ်ကျမှုကြောင့် ဘန်ဂလို ၁၈ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား


18.12.2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနောင်ချိုမြို့နယ် အင်းလေးဒေသ၊ အင်းလေးကန်မကြီး အနောက်မြောက် ဘက် ခေါင်တိုင်ကျေးရွာ အနီးရှိ ဟူပင်ဟိုတယ်၏ ရေပေါ်လုံးချင်း ဘန်ဂလို ၁၈ လုံးပေါ်သို့ ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် မီးပုံးအချို့မှ မီးပွားကျမှုကြောင့် ဟိုတယ်ရေပေါ် ဘန်ဂလို ၁၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မီးပုံးပျံများမှာ ဟူပင်ဟိုတယ် ၏ မြောက်ဘက် ငါးဖာလုံခန့်အကွာရှိ ခေါင်တိုင်ကျေးရွာ၊ ဂြိုလ်ရှစ်လုံးဘုရား ဆွမ်းလောင်းပွဲအထိမ်းအမှတ် လွှတ်တင်လိုက်သော မီးပုံးပျံများဖြစ်ကြောင်း သိရသည်။


"ည ၉ နာရီခွဲလောက်က မီးပုံးပျံမှာပါတဲ့ မီးကျည်တွေက ကျပြီးလောင်တာပါ။ အရှေ့ဘက်က အဆောင်ကနေ စလောင်ပြီး ကျန်အဆောင်တွေ ကူးတာပါ။ မနေ့ညကလေက အရမ်းတိုက်တော့ တစ်ဆောင်နဲ့တစ်ဆောင် ကူးတာအရမ်းမြန်ပါတယ်။ ဘန်ဂလိုက ၁၈ လုံးလောက် ပါသွားတယ်။ အသေအပျောက် ဒဏ်ရာရတာတွေတော့ မရှိပါဘူး။ ဟိုတယ်လေးငါးလုံးမှာပဲ ဧည့်သည်ရှိတာပါ" ဟု ဟိုတယ်ခန်းများ မီးလောင်ကျွမ်းခံရသော ဟူပင်ရေပေါ်ဟိုတယ်၏ ဟိုတယ်မန်နေဂျာက ပြောကြားသည်။

အဆိုပါ မီးလောင်သည့် ဘန်ဂလို ၁၈ လုံးမှာ ဧည့်သည်မရှိသေးသည့် အခန်းများဖြစ်၍ အခန်းရှိ ဟိုတယ်ပိုင်အိပ်ရာနှင့် အသုံးအဆောင် ပစ္စည်းများသာ လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး ဧည့်သည်ပိုင် ပစ္စည်းများ ပါဝင်ခြင်း မရှိကြောင်းနှင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဟူပင်ဟိုတယ်သည် တောင်ကြီးမြို့မှ ၃၅ မိုင်၊ ညောင်ရွှေမြို့မှ ၁၆ မိုင်ခန့် အကွာတွင် တည်ရှိပြီး အင်းလေးကန်မကြီး၏ အနောက်မြောက်ဘက်တွင် ရေတစ်ပိုင်းကုန်းတစ်ပိုင်း တည်ဆောက်ထားသော ဟိုတယ်တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်ဘန်ဂလို အဆောင်များမှာ ၀ါးကပ်မိုး ထရံကာများဖြစ်သည်။

"သဲကုန်းရွာ ဘုရားပွဲက နှစ်စဉ်လုပ်နေကျ ဖြစ်မယ်။ အဲဒီမှာ မီးပုံးတွေကလည်း လွှတ်နေကျဖြစ်မယ်။ မီးပုံးတွေက မီးပွားလွင့်ပြီး ဟိုတယ်ပေါ်ကျပြီး လောင်တာလို့ သိရပါတယ်။ ည ၉ နာရီ ခွဲခါနီးမှာ စပြီးလောင်တာပါ။ ၁၀ နာရီခွဲ ကျော်ကျော်လောက် မီးငြိမ်းသွားပါတယ်" ဟု ညောင်ရွှေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်ရာသို့ ညောင်ရွှေ၊ ရွှေညောင်၊ အေးသာယာ၊ တောင်ကြီးတို့မှ မီးသတ်ယာဉ်လေးစီး ရောက်ရှိပြီး မီးသတ် ၃၃ ဦး၊ ရဲ ၁၅ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေ (အင်းလေး)/ရွှေညောင်တွင် နိုဝင်ဘာအထိ စာရင်းများအရ ဟိုတယ်အလုံးပေါင်း ၄၇ လုံး၊ ဟိုတယ်အခန်းပေါင်း ၁၂၄၇ ခန်းရှိပြီး ဒီဇင်ဘာတွင်လည်း ဟိုတယ်သစ်များ ဖွင့်လှစ်လျက်ရှိကာ ဟိုတယ်လိုင်စင်များကိုလည်း တိုင်းဒေသအလိုက် မြို့နယ်အသီးသီးတွင် ချထားပေးနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

(မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ဘန်ဂလို ၁၈ လုံးအား တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်)
Eleven Media Group

No comments:

Post a Comment