address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, December 26, 2013

တရားဝင် ပညာရေးဝန်ထမ်းများ ခန့်ထားရေး အစိုးရနှင့် DKBA ညှိနှိုင်းမှု အဖြေမရသေး

26.12.2013

အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရှိပြီးသားဖြစ်သည့်DKBAထိန်းချုပ်နယ်မြေအတွင်း ကျောင်းပညာ ရေး အတွက် တရားဝင် ပညာရေးဝန်ထမ်းများခန့်ထားနိုင်ရေး အစိုးရဘက်နှင့် ညှိနှိုင်းရာတွင် အခက်အခဲ ရှိနေသေးသည်ဟု DKBA ကလို့ထူးဘော စစ်ဌာနချုပ်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက မဇ္ဈိမ သို့ ပြောသည်။


အဆိုပါအခက်အခဲမှာ DKBA တပ်နယ်မြေအတွင်း လက်ရှိ ကိုယ်ထူကိုယ်ထ ကျောင်းများတွင် စာသင်ကြားပေးနေသော အလယ်တန်းပညာ တတ်မြောက်ထားသည့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအား အစိုးရက ခန့်အပ်မည့် ပညာရေးဝန်ထမ်းများနှင့်အတူ တရားဝင် ခန့်ထားပေးရန် ညှိနှိုင်းနေရခြင်း ဖြစ်သည်ဟု ဆိုသည်။

ညှိနှိုင်းနေမှုများနှင့်ပတ်သက်၍ ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးစောထွန်းထွန်း က “အစိုးရရဲ့ဝန်ထမ်းတွေက ဆရာဖြစ်ဖို့ သင်တန်းတွေတက်ခဲ့ရပြီး ဘွဲ့ရရမယ်ဆိုတာတွေ ကန့် သတ် ချက်တွေရှိတယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုအချက်က အင်မတန်ကို ရှားပါးတယ်။ စာကို ကောင်းကောင်း မသင်ခဲ့ရတာ ဆယ်စုနှစ် ခြောက်ခုလောက်ဖြစ်နေပြီ။ ဒါပေမဲ့ တကယ့်ကို ကလေးတွေကို တိုက် ပွဲကြားမှာ သင်ပေးခဲ့တဲ့သူတွေကို အခုချိန်မှာ ဘယ်လိုလုပ်ပေးမလဲ မေးတော့ ကျောင်းမှာ သန့်ရှင်းရေး လို၊ စာရေး လိုထားမယ်ဆိုတာတော့ ကျွန်တော်တို့ မကြိုက်ဘူး”ဟု ပြောသည်။

စစ်ဌာနချုပ်တည်ရှိရာ နယ်မြေတစ်ဝိုက်ရှိ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်ကျောင်းများတွင် အစိုးရ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးလျက်ရှိပြီး ကျောင်းသားဦးရေ ၁၀၀ ကျော်ခန့်ရှိသည်။

ထိုကျောင်းများတွင် အလယ်တန်းပညာအထိ တတ်မြောက်ထားသော ကျေးရွာမှ လူငယ်များ က စေတနာ့ဝန်ထမ်းအဖြစ် လခမယူဘဲ သင်ကြားပေးနေခြင်းဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှု မရသေးခင် တိုက်ပွဲဖြစ်သည့် အချိန်များတွင်လည်း သင်ကြားပေးခဲ့ရသူများ ဖြစ်သည်။

DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်းများအား တရားဝင် ၀န်ထမ်းအဖြစ် ပညာရေးစနစ်တွင် ပါဝင်လာနိုင်ရန် ဆက်လက် ညှိနှိုင်းမှုများ ပြုလုပ်ဦးမည်ဟု DKBA ကလို့ထူးဘောစစ်ဌာနချုပ်မှ တာဝန် ရှိသူများက ဆိုကြသည်။

ဗိုလ်မှူးစောထွန်းထွန်းကပဲ “သူတို့ဘက်ကပြောသလို ကျောင်းမှာ သန့်ရှင်းရေးလုပ်တဲ့အဆင့်နဲ့တော့ မထားနိုင်ဘူး၊ ညှိနှိုင်းမယ်၊ သူတို့ဘက်ကို စဉ်းစားစေချင်တယ်၊ စစ်ကာလတွေတုန်းက သေနတ်သံတွေ ကြားမှာ လစာလည်းမရ ဘာမှမရှိဘဲ ပညာတတ်စေချင်တဲ့ စိတ်နဲ့ သူတို့က သင်ပေးခဲ့တာ”ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးသည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် DKBA မှ နိုင်ငံတော် အစိုးရ၏ ပညာရေးစနစ်အတိုင်း တရားဝင်ပညာရေးဝန်ထမ်းများဖြင့် သင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးဘာ သာဖြစ်သည့် ကရင်စာပေကိုလည်း ဆက်လက် သင်ကြားနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်သည့် ဆွေးနွေးမှုများ ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment