address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 9, 2014

ထိုင်း အခြေခံဥပဒေ ပြင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးသမား ၃၀၀ ကျော် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲမည်

ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည့် နိုင်ငံရေးသမား ၃၀၀ ကျော်ကို ထိုင်းလာဘ်စားမှု 

တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုသွားမည် ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တရားစွဲဆိုခံရမည့် နိုင်ငံရေးသမားများတွင် လက်ရှိ အာဏာရ ဖေ့အ်ထိုင်းပါတီမှ အမတ်အများစု ပါဝင်ပြီး ၎င်းတို့သည် ထိုင်းအထက်လွှတ်တော် အမတ်အားလုံးကို ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုင်း အထက်လွှတ်တော်ကို ရွေးကောက်ခံ ကိုယ်စားလှယ်များသာမက၊ ရွေးကောက်ခံ မဟုတ်ဘဲ တိုက်ရိုက် ခန့်ထားသည့် ကိုယ်စားလှယ်များဖြင့်လည်း ခန့်ထားသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာရ ဖေ့အ်ထိုင်းပါတီ လွှတ်တော် အမတ်အများစု ပါဝင်သော အမတ်များက အထက်လွှတ်တော်အမတ် အားလုံးကို ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရမည်ဟူ၍ ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ပယ်ချခဲ့သည်။

အာဏာ အလွဲသုံးစားမှုနှင့် ဆိုင်သော ကိစ္စများကို စုံစမ်းစစ်ဆေးခွင့် အာဏာရှိသော ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အထက်ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော လွှတ်တော်အမတ် ၃၀၀ ကျော်ကို စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အမတ်များ ပြစ်မှုတစ်စုံတစ်ရာ ထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက အထက်လွှတ်တော်သို့ တင်ပြမည် ဖြစ်ပြီး အထက်လွှတ်တော်သည် ပြစ်မှုကျူးလွန်သူ နိုင်ငံရေးသမားများကို နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်သည်အထိ အရေးယူနိုင်သည်။

ယင်းကိစ္စသည် ဖေ့အ်ထိုင်းပါတီကို အာဏာရယူနိုင်ခြင်း မရှိရန် နိုင်ငံရေးအရ ကြိုးပမ်းခြင်း ဖြစ်ကြောင်း ယင်းလပ်ကို ထောက်ခံသူများက ရှုမြင်ကြသည်။

လက်ရှိအချိန်တွင် ထိုင်း အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဆန့်ကျင်သူများက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်လျက်ရှိပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှု ပြုလုပ်ရန် အကြိုဆန္ဒပြမှုများ ပြုလုပ်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment