address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, January 9, 2014

ရှမ်းပြည်နယ်နေ့တွင် အင်အားပြရန်ဟုအကြောင်းပြကာ RCSS/SSA ၏ စစ်သင်တန်းတက်ခိုင်းမှုအပေါ် ဒေသခံများ စိတ်ပျက်

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့် ရှမ်းပြည်နယ် နေ့အခမ်းအနားကို ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျှံတွင် ကျင်းပပြုလုပ်မည်ဖြစ်၍ 

အင်အားပြရန်ဟု အကြောင်းပြကာ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံရွာသားများ အား ဇန်န၀ါရီ ၇ ရက်နေ့မှစ၍ စစ်သင်တန်းတက်ခိုင်းနေကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

``ဒီနမ့်လွတ်အုပ်စုထဲမှာ ရွာတွေကို တစ်ရွာသုံးယောက် ခေါ်ပါတယ်။ လွယ်တိုင်းလျှံကို လိုက်ပြီး အင်အားပြ ရမယ်လို့ ပြောတယ်။ ကျွန်တော့် သားတောင်ပါသွားတယ်။ စစ်သင်တန်းတက်နေရတယ်လို့ ကြားတာပဲ နှစ်ရက် လောက်တော့ ကြာပြီ´´ ဟု နမ့်လွတ်ရွာမှ ဦးစိုင်းထွန်းက ပြောကြားခဲ့သည်။

RCSS/SSA အဖွဲ့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက လွယ်တိုင်း လျှံတွင် ပြုလုပ်မည့် ရှမ်းနှစ်သစ်ကူး ပွဲတော်တက်ရန်ဟု အကြောင်းပြကာ လွယ်လင်၊ ပင်လုံ၊ လဲချား၊ နမ့်စန်၊ လင်းခေး၊ မိုးနဲ၊ မောက်မယ်မြို့နယ် များမှ ဒေသခံရွာသားများအား ရာချီ၍ ခေါ်ဆောင်သွားကြောင်း အချို့မှာ လွယ်တိုင်းလျှံ၌ စစ်သင်တန်း တက်ရပြီး RCSS/SSA အဖွဲ့တွင် တာဝန် ထမ်းဆောင်နေရကြောင်း မောက်မယ် မြို့ခံ ဒေါ်နန်းငွေ က ဆိုသည်။

``လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ရှမ်းနှစ်သစ်ကူးပွဲတော်တက်ရမယ်ဆိုပြီး လာခေါ်သွားတယ်။ ဟိုရောက် တော့ ပြန်မလွတ်ဘဲ စစ်သင်တန်း တက်ခိုင်း တယ်လို့ ပြောတယ်။ အချို့က ထွက်ပြေးလာကြလို့ ရွာကိုရောက် လာတာ၊ ကျွန်မ ယောကျာ်းဆိုရင် အခုထိ ပြန်ရောက်မလာသေးဘူး´´ ဟု လုဖလစ် ကျေးရွာမှ မနန်းလှက ပြော သည်။

မောက်မယ်မြို့ခံ ဌာနဆိုင်ရာအရာရှိတစ်ဦးက ``လုဖလစ်ကျေးရွာအနီး တစ်ဝိုက်မှာ ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့ဝင်တွေက ရွာသားတွေကို စစ်သင်တန်း သင်ပေးနေတယ်လို့ ကြားပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက် ကမှ စတာလို့တော့ အကြမ်းဖျဉ်းသိရတယ်၊ ရွာသား(၆၀)လောက် ပါသွားတယ်လို့ လောလောဆယ် သိရ ပါတယ်´´ ဟု ပြောပြသွားသည်။

ရှမ်းပြည်နယ်နေ့သည် ရှမ်းတိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သောနေ့ဖြစ်၍ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ များတွင် အခမ်းအနားဖြင့် ကျင်းပရ မည် ဖြစ်ကြောင်း၊ ဒေသခံရွာသားများအား ယခုကဲ့သို့ RCSS/SSA အဖွဲ့မှ စစ်သင်တန်းတက်ခိုင်းပြီး အင်အားပြရန် စုဆောင်းနေမှုတွင် အိမ်ထောင် ဦးစီးယောကျာ်းသား များပါသွား၍ မိသားစုမှာ စားဝတ်နေရေးအဆင်မပြေမှု၊ အခြားလူမှုရေးကိစ္စများတွင် အခက်အခဲများဖြစ်နေကြ ကြောင်းနှင့် RCSS/SSA ၏ လုပ်ရပ်ကို ဒေသခံများက စိတ်ပျက်နေကြကြောင်း နမ့်လွတ်အုပ်စုရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားခဲ့ပါသည်။

စိုင်းအောင်ဝင်း
Shan News

No comments:

Post a Comment