address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 14, 2014

ငြိမ်းချမ်းရေးရုပ်လုံး ၈ဝရာခိုင်နှုန်း


14.1.2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ရန် ၈ဝ ရာခိုင်နှုန်းသေချာသွားပြီဖြစ်ကြောင်း ယခုလ ၅ရက်က နိုင်ငံတော်သမ္မတ နှင့် KNU  ဥက္ကဋ္ဌစောမူတူးစေးဖိုး တို့တွေ့ဆုံမှုအပြီး KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်က တရားဝင်ထုတ်ဖော် ပြောကြားသွားသည်။


ထို့အတူ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့်တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များဖွဲ့စည်းထား သည့် NCCT တို့ တွေ့ဆုံမှုအပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောကြားခဲ့သည်။

 ယင်းသို့ တိုးတက်မှုဖြစ်ပေါ် လာစေရန်တိုင်းရင်းသားခေါင်းဆောင် များအနေဖြင့် ကချင်ပြည်နယ် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဆွေးနွေးခဲ့သည့်မူကြမ်း ၁၁ချက်ကို ပြန်လည်စိစစ်ရေးဆွဲထားသည့် အခန်း ၁ဝ ခန်းနှင့် ပြည်ထောင်စု အစိုးရက မြစ်ကြီးနားဆွေးနွေးပွဲ တွင် ချပြခဲ့သည့် အခန်း ၁၄ ခန်း ပါ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ပြင်ဆင်ဆွေးနွေးခဲ့ကြသည်။

အပြန်အလှန်ယုံကြည်မှုစနစ် အားကောင်းလာခဲ့ပေပြီ။တိုင်းရင်း သားအဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေးဆိုသည့် မှတ်တိုင်တစ်ခု ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် စိုက်ထူနိုင်တော့မည့် လမ်းကြောင်း ပေါ်ရောက်နေသည့်သဖွယ်။

၂ဝ၁၁ခုနှစ်အတွင်း တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား တိုက်ပွဲပြန်လည်ဖြစ်ပွား ခဲ့သည်။ ကေအိုင်အို၊ ကေအိုင် အေအဖွဲ့နှင့်ဆိုလျှင် ၂ဝ၁၁ခုနှစ် ဇွန်လနောက်ပိုင်းတိုက်ပွဲများ ပြင်း ထန်ခဲ့သည့်အပြင်  မလွှဲမရှောင်သာ ဟုဆိုကာ လေကြောင်းပစ်ကူခဲ့ခြင်း များအထိဖြစ်ပွားခဲ့သည်။

ထိုအချိန် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်နှင့် နိုင်ငံတကာအဖွဲ့ အစည်းတို့က အပြစ်တင်ဝေဖန်ခဲ့ ကြသည်။သို့သော်နိုင်ငံတော်သမ္မတ ၏ ခုခံကာကွယ်ရန်မှအပ ထိုးစစ် ဆင်တိုက်ခိုက်မှုများမပြုရဟူသော အမိန့်နှင့်တကွငြိမ်းချမ်းရေးဆွေးနွေး ပွဲများက အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်ခဲ့ခြင်းကြောင့် အောက်ခြေ တိုက်ပွဲများကြားကပင် ယခုအခြေ အနေထိ တိုးတက်လာခဲ့သည်။

 သို့သော် အောက်ခြေတဒုန်းဒုန်း ...အပေါ်တပြုံးပြုံး အဆင့်သာရှိ သေးသည်ဟု ဆိုရမည်ဖြစ်သည်။မလွှဲမရှောင်သာ ထိပ်တိုက်တိုးမှု များဟု မည်သည့်အဖွဲ့က ဆိုစေ ကာမှု ထိုသို့ထိပ်တိုက်တွေ့ဆုံရန် ဘယ်လိုအကြောင်းရင်းက ဖန်တီး ခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာ။

လာမည့်ရက်ပိုင်းအတွင်း ကရင် ပြည်နယ် ဘားအံမြို့တွင်ပြုလုပ်မည့် ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ မပါဝင်သေးသော်လည်း လက်မှတ် ရေးထိုးမည့်ရက်ကို သတ်မှတ်ပေး နိုင်လိမ့်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ဖွဲ့စည်းသော တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) နှင့်ဆွေးနွေးမှု အပြီး ပြောကြားခဲ့သည်။

 နှစ်ပေါင်း ၆ဝကျော် ပြည်တွင်း စစ်ဒဏ်ခံစားလာခဲ့သော ပြည်သူ လူထုဘဝ၊ နာလန်မထူနိုင်သေး သော နိုင်ငံစီးပွားရေး၊ ပညာရေး စသည်တို့သည် စစ်မီးများကြားတွင် မီးစာသဖွယ်ထိုးသွင်းခံခဲ့ရသည်။

''ထာဝရ ငြိမ်းချမ်းရေးပေါ် ပေါက်လာဖို့ဆိုတာ ကျွန်တော်တို့ လုပ်ဆောင်ဖို့ အချက်သုံးချက် လိုအပ်ပါတယ်။ပြည်တွင်းစစ်ဒဏ် ကိုခံနေရတဲ့ စိတ်သဘောထားကို ပြန်လည်ကုသပေးဖို့လိုပါတယ်။ကြောက်နေတဲ့ အကြောက်တရား တွေ ပျောက်သွားအောင် ပြန်လည် ကုသပေးဖို့လိုပါတယ်။ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့လဲ အဘက်ဘက်က ပူးပေါင်းဆောင် ရွက်ဖို့လိုပါတယ်။ ကျွန်တော်တို့  ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ တိုင်းပြည်ဟာလဲ ဗုဒ္ဓဘာသာတရား အများဆုံးကိုင်းရှိုင်းတဲ့ တိုင်းပြည် ဖြစ်တာကြောင့် တရားတော်နဲ့ ဒီမို ကရေစီကိုက်ညီတဲ့အတွက်ကြောင့် ဒီမိုကရေစီတရားကျင့်ကြံဖို့ လိုအပ် ပါတယ်''ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဦးရွက်စစ်က ၂ဝ၁၃ ခုနှစ် ဇွန်လအတွင်း နိုင်ငံတော် သမ္မတနှင့်တွေ့ဆုံမှုအပြီး ပြောကြား ခဲ့ဖူးသည်။

ပြည်တွင်းစစ်ဒဏ်ခံခဲ့ကြရသော ပြည်သူတွေ အကြောက်တရား ပျောက်ကွယ်အောင် ပြုလုပ်ပေးနိုင် မည်မှာ ကိုယ့်ဒေသ၊ ကိုယ့်လယ် ယာ၊ ကိုယ့်အိုးအိမ်မှာ မိသားစု ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြမှသာ လျှင်ပျောက်ကွယ်သွားမည်ဖြစ်မည်။ယင်းအတွက် စစ်မီးတစ်ခုတည်း က ငြှိမ်း၍ရမည်မထင်။အဓမ္မ ဆက်ကြေးတောင်းခံခြင်း၊ လူသစ် စုဆောင်းခြင်းများကိုလည်း တိုင်း ရင်းသားလက်နက်ကိုင်များဘက်မှ ရှောင်ရှားရန်လိုလှပေမည်။

 စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မည်ဆိုလျှင်အခြေခံမူ များထားရှိရမည်ဖြစ်ပြီး ချမှတ် ထားသည့် မူလမ်းစဉ်အတိုင်း ဆက် လုပ်ဆောင်ရမည်ဖြစ်သည်။ထာဝရ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကလို ထူးဘောတပ်ဖွဲ့(DKBA)နှင့် ကရင် လက်နက်ကိုင်အဖွဲ့အစည်းများ ကိုးကွယ်သော ဆရာတော်ရမ်ဘို က ''အချက်သုံးချက်အနေနဲ့ဆိုရင် နံပါတ် (၁) ပွင့်လင်းရမယ်။ နံပါတ် (၂) ယုံကြည်ရမယ်။ နံပါတ် (၃) ခွင့်လွှတ်ရမယ်။ တစ်ဦးပေါ်တစ်ဦး ပွင့်လင်းရမယ်။ လွတ်လပ်မှုတစ်ခု က သူတို့လက်နက် သူတို့ကိုင်ကြ တာပဲ...ကိုင်။ အချင်းချင်းပြန်မပစ် ဘူး။အခုဟာက တိုက်ဆိုင်မှုက  အပစ်အခတ်ရပ်စဲကုန်ပြီ။ အဲ့ဒါ ကရင်ကံကြမ္မာ ကရင်သာဖန်တီး ရမယ့်မူတစ်ခု နေ့တိုင်းစဉ်းစားရ မယ်။ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ကြရင် ဒီငြိမ်းချမ်းရေးက ကိုယ့် လက်ထဲမှာပဲရှိတယ်။ ငြိမ်းချမ်းရေး ကိုပြန်ကြည့်ရင်တစ်ဦးအပေါ်တစ်ဦး ပွင့်ပွင့်လင်းလင်းပြောရမယ်။ နောက် တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ် ထားရမယ်။သံသယစိတ်ထားနေရင် ယုံလို့ရပါ့မလား။ အချင်းချင်းမယုံ ဘူးဆိုရင် ကရင်ငြိမ်းချမ်းရေးက ကရင်လက်ထဲမှာမရှိဘူး'' ဟူ၍ (၁၉)နှစ်မြောက် ဒီကေဘီအေနေ့ အခမ်းအနား၌ မိန့်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် လည်း ငြိမ်းချမ်းရေးဖြစ်စဉ်များကို အခြေခံသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်တွင် ပါဝင် လာရန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် ဖွံ့ဖြိုးတိုးတက် မှုကို လေ့လာကြည့်လျှင်တစ်ပြည် လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် မူဘောင်များချမှတ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန်နှင့် အရေးကြီးသည့်အဆင့်များ တက် လှမ်းနိုင်ရန် နောက်ဆုံးအဆင့် ညှိ နှိုင်းသည့် အဆင့်ကိုရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကိုအောင် မြင်အောင်ဆောင်ရွက်နိုင်မည်ဟု မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယုံကြည် ထားပြီး ယုံကြည်နိုင်သည့် အဆင့် ကိုလည်း ရောက်ရှိနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃ဝ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သောတည် ငြိမ်အေးချမ်းသည့်နိုင်ငံတည်ဆောက် ရေးတွင် လူထုအခြေပြုအဖွဲ့အစည်း များ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးပွဲ၌ ပြောကြားခဲ့သည်။

ယင်းအခြေအနေအရပ်ရပ်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအကြားမည်သို့သော အရာများက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းကို တားဆီး ထားသည်နည်း။

 ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ပေါ်ပေါက်လာခဲ့ရ သည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှ ဒီမိုကရေစီ နည်းကျ ပြင်ဆင်နိုင်ရန်အတွက်  ၁၉၆၁၊ ၁၉၆၂ခုနှစ်အတွင်း ကြိုးပမ်း ခဲ့သည့်တိုင်းရင်းသားခေါင်းဆောင် များ အလိမ်အညာခံခဲ့ရပြီး နှစ်ရှည် ဖမ်းဆီးချုပ်နှောင်ခြင်းများလည်း ခံခဲ့ကြရသည်။ အချို့တိုင်းရင်းသား ခေါင်းဆောင်များ အသက်ပေးလှူ ခဲ့ကြရသည်။ မြန်မာပြည်သမိုင်း တွင်  အင်မတန် ကြေကွဲဝမ်းနည်း ဖွယ်ကောင်းသည့် အရေးအခင်း တစ်ခုဖြစ်ပြီးနောက်ပိုင်းတွင်လည်း ၁၉၉ဝ ပြည့်နှစ်လွန်များက ပြုလုပ် ခဲ့သော နိုင်ငံရေးဆွေးနွေးပွဲကို မရောက်သည့် အပစ်အခတ်ရပ်စဲ ရေးနှင့်လမ်းဆုံးခဲ့ သင်ခန်းစာများ က တိုင်းရင်းသားလက်နက်ကိုင် တို့၏ အသိတရားကို ထိန်းချုပ် ထားသည်ဟု မြင်မိသည်။

''ငြိမ်းချမ်းရေးတည်ဆောက် ကြမယ့်နေရာမှာ နည်းလမ်းရှာကြဖို့ လိုပါတယ်။ အစိုးရဘက်ကတော့ ကျွန်တော်တို့ကို သံသယမဝင်ပါနဲ့ လို့ပြောပေမယ့် ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ နှစ်ပေါင်း ၆ဝမှာ ကျွန်တော်တို့အနေနဲ့ သတိမထား လို့မရပါဘူး။ စေတနာဘယ်လိုပဲ ကောင်းနေကောင်းနေ အဆင်မပြေ နိုင်ဘူး။  ဖြေရှင်းတဲ့နည်းလမ်း မှန်ကန်ဖို့လိုပါတယ်''ဟု မွန်ပြည် သစ်ပါတီမှ နိုင်ဟံသာက လိုင်ဇာ ဆွေးနွေးပွဲ၌ပြောသည်။

ဖြေရှင်းသည့်နည်းလမ်း မမှန် ကန်၍မရတော့။ နိုင်ငံတော်ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြားခဲ့သလိုပင်လက်နက်ကိုင် ပဋိပက္ခကြောင့် ဖွံ့ဖြိုးမှုရပ်နေမည်၊ နောက်ဆုတ်မည်ဆိုလျှင် တခြား သောနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးလက်အောက်ခံဘဝ အဖြစ် မသိမသာရောက်ရှိသွားနိုင် သည်ကို သတိပြုမိစေချင်ပါဟူ၍ ၂ဝ၁၃ ခုနှစ် သြဂုတ် ၃၁ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

 တိုင်းရင်းသားလက်နက်ကိုင် များပဋိပက္ခနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များ တွင် လူအများစုက တပ်မတော် အပေါ် ယခင်ကာလများအတိုင်း ထင်မြင်နေကြ၍သာ သံသယစိတ် များဖြစ်ပေါ်နေကြကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက အောက်တို ဘာလ ၈ ရက်တွင်ပြောသည်။

''အရင်တုန်းက တပ်မတော် ဟာအမျိုးသားရေးဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို  ဦးထိပ်ထားပြီး လုပ်ဆောင်တယ်။  ဒီမိုကရေစီ အရေးအတွက် တာဝန်မရှိခဲ့ဘူး။အခု ဒီမိုကရေစီအရေးကိုပါ ပါဝင် လုပ်ဆောင်ပေးမယ်ဆိုပြီးကာကွယ် ရေးဦးစီးချုပ်ကိုယ်တိုင်ဘန်ကောက် မှာ ပြောခဲ့တာရှိတယ်။ တပ်မတော် က ဒီမိုကရေစီအရေးကို မပစ်ပယ် ဘူး။ ဖြစ်နေတာက တို့ဆီကို အထင်လွဲတာကဘာလဲ၊ ယခင် အတိုင်းပဲမြင်နေကြတယ်''ဟု၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍၂ဝ၁၃ခုနှစ် တစ်နှစ်လုံး ကို ပြန်လည်ခြုံငုံကြည့်ပါလျှင် ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီအစောပိုင်း တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက် ငါးချက်ထုတ်ပြန်ခဲ့ကြသည်။ ယင်း အပြင် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည့် ပူးတွဲကြေညာ ချက်ငါးချက်ကို နှစ်ဖက်သဘော တူ ထုတ်ပြန်ခဲ့သည်။

 ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သည် မေလနှောင်းပိုင်းတွင် ကချင် ပြည်နယ် မြစ်ကြီးနား၌ှုဥ တို့ နှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာတွင်  နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်တိုက် ခိုက်မှုများလျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်း ခြင်း၊ နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ် ရေးအဖွဲ့  (Joint Monitoring Committee)များဖွဲ့စည်းရန် မူအား ဖြင့်သဘောတူညီသကဲ့သို့ နယ်မြေ လုံခြုံရေးအရနေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ကိုညှိနှိုင်းကာ ဆက်လက်ဆောင် ရွက်သွားရန်၊ တပ်ပိုင်းဆိုင်ရာ နေရာချထားမှုများနှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် နှင့် လိုအပ်သောလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် KIO ကိုယ် စားလှယ်များနှင့် အလုပ်အဖွဲ့ (Technical Team )အဖွဲ့ကိုမြစ်ကြီး နားမြို့တွင်ထားရှိရန် သဘောတူခဲ့ ကြသည်။

ယင်းအပြင် နေပြည်တော်တွင် ဇွန် ၁ဝ ရက်က နိုင်ငံတော်သမ္မတ နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဦးရွက်စစ်တွေ့ဆုံဆွေးနွေးခဲ့သည်။ဇွန် ၂ဝရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကရင်နီတိုးတက်ရေး ပါတီတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် (၈)ချက်ကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ထို့နောက် ဇူလိုင် ၁၂ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်ခေါင်းဆောင် သောအဖွဲ့နှင့် 'ဝ'အထူးဒေသ(၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တို့ကျိုင်းတုံမြို့တွင်တွေ့ဆုံဆွေးနွေး ခဲ့ပြီး နှစ်ဖက်သဘောတူညီချက် (၅)ချက်ကိုထုတ်ပြန်ကြေညာခဲ့သည်။

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီသည် ဇူလိုင် ၃၁ရက်တွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန်ကျန်ရှိ နေသော တအာင်း(ပလောင်)အမျိုး သားလွတ်မြောက်ရေးတပ်မတော် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်းမရှိခဲ့ပေ။

ထို့အပြင်ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်း ရေး ပြန်လည်ထူထောင်ရေးဗဟို ဌာန(Myanmar Peace Center)၌ သြဂုတ် ၅ ရက်တွင်  ပြည်နယ် အဆင့် ငြိမ်းချမ်းရေးသဘောတူညီ ချက်လက်မှတ်ရေးထိုးနိုင်သကဲ့သို့ သြဂုတ်၁ဝရက်တွင် ပြည်ထောင်စု အဆင့်  အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 အောက်တိုဘာ ၅ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်ခေါင်းဆောင် သောအဖွဲ့သည် မိုင်းလားအထူး ဒေသ(၄)ဥက္ကဋ္ဌ  ဦးစိုင်းလင်း ခေါင်းဆောင်သောအဖွဲ့နှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသ ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်။

 ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သည် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်လည်း KIO အဖွဲ့အစည်း များနှင့် ကချင်ပြည်နယ် မြစ်ကြီး နားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ တွင် တွေ့ဆုံခဲ့သည်။ လိုင်ဇာ ဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၄ရက် မှ ၅ ရက်အထိ ဆွေးနွေးခဲ့ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အတွက် အစိုးရကချမှတ်ထားသည့် သဘောတူညီချက်စာချုပ်(မူကြမ်း) နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များဖွဲ့စည်းထားသည့် (NCCT)က ရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဘုံသဘောထားရပ်တည် ချက်များကို အပြန်အလှန်ပေး လဲလှယ်နိုင်ခဲ့သည်။

 'လွှတ်တော်များကလဲ တိုင်း ရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ကို ဖွဲ့စည်းပြီး လွှတ်တော်များ ကျင်းပစဉ်ကပင်ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ သားများ၏ မူလအခွင့်အရေး၊ ဒီမို ကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီကိုလဲဖွဲ့စည်းထား ပြီး သက်ဆိုင်သည့်လုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အထောက်အကူ ပြုမည့် တိုင်းရင်းသားကာကွယ် စောင့်ရှောက်သည့်ဥပဒေကိုပြဋ္ဌာန်း နိုင်ရန်  ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးကော်မတီဖွဲ့စည်း၍ လေ့လာသုံးသပ်လျက်ရှိပြီးတိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့်အမျိုး သားပြန်လည်သင့်မြတ်ရေးကို လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က အမှာစကားပါးကြောင်း' ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က အဆိုပါ ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြား ခဲ့သည်။

 ယင်းဆွေးနွေးပွဲများမှဆင့်ကာ ဆင့်ကာ တည်ဆောက်လာခဲ့သည့် ယုံကြည်ချက်များကြောင့်သာလျှင် မြန်မာပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ၈ဝရာခိုင် နှုန်း(ဝါ) လက်တစ်ကမ်းအလိုကို ယနေ့ရောက်ရှိလာခဲ့ရပေသည်။ ထိုမှတစ်ဆင့် ရာခိုင်နှုန်းပြည့်အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်မှ တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ပြီး နိုင်ငံ တကာနှင့်ယှဉ်လျှင်နှစ်ပေါင်း ၆ဝ ကျော် နောက်ကျခဲ့သည့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ရရှိ အောင် ပူးပေါင်းဆောင်ရွက်နိုင်ပါ စေကြောင်း။

The Union Daily

No comments:

Post a Comment