address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 13, 2014

ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်စခန်းများ သန်းခေါင်စာရင်းကောက်နိုင်ရေး အစိုးရနှင့် KNU ဆွေးနွေးမည်


13.1.2014

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ့တပ်မတော်အကြား နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ပွဲများကြောင့် နေရပ်စွန့်ကာ ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ရွှေ့ပြောင်းနေထိုင်ကြရ သည့် ကရင်ဒုက္ခသည်များကို သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဇန်န၀ါရီ တတိယပတ်အတွင်း ဘား အံမြို့၌ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ပြည်သူ့အင်အားဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဇန်န၀ါရီ ၉ ရက်တွင် မဇိ္ဈမကို ပြောသည်။

“ထိုင်းဘက်ရောက်နေတဲ့ စခန်းကသူတွေကို ကောက်ဖို့ကို အစိုးရနှစ်ဖက်က အထက်လူကြီးတွေညှိလိမ့် မယ်။ ဒါပေမဲ့ အဲဒီအထိသွားကောက်နိုင်ဖို့ KNU ဘက်က ကူညီပေးမှရမယ်။ ဆွေးနွေးမှုတွေ အဆင်ပြေ ရင် ကျွန်တော်တို့ သွားကောက်မှာပါ”ဟု ဆိုသည်။

တွေ့ဆုံဆွေးနွေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ဦးဆောင်၍ ဇန်န၀ါရီ ၁၄ ရက်တွင် ဘားအံမြို့သို့ သွားရောက်မည်ဖြစ်ပြီး KNU ဗဟိုအလုပ်အမှုဆောင် များနှင့် နှစ်ရက်တိုင် ဆွေးနွေးရန် ပြင်ဆင်ထားသည်။

“ဒီလို ဒုက္ခသည်စခန်းတွေမှာနေရတဲ့သူတွေက ပြည်တွင်းမှာ သန်းခေါင်စာရင်းကောက်ရင် ပါသင့်တယ်။ ကျွန်တော်တို့ကတော့ သူတို့ပါအောင်လို့ လုံးဝ လုပ်သွားမှာ”ဟု KNU တွဲဖက်အတွင်းရေးမှူး(၁) စောစီ ဘွဲ့က မဇ္ဈိမကို ပြောသည်။

နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ဘာသာစကားအခက်အခဲ၊ သွားရေးလာရေးနှင့်အိုး အိမ်စွန့်ခွာပုန်းရှောင်နေသူများ (IDP- Internally Displaced Person)၏တည်နေရာ၊ လုံခြုံရေး စသည့် အစိုးရကြုံတွေ့နိုင်မည့် အခက်အခဲများကို အကူအညီပေးရန် KNU က ဆုံးဖြတ်ထားပြီးဖြစ်သည်။

ယင်းသည် ပထမဆုံးအကြိမ် အစိုးရနှင့် KNU တို့ သန်းခေါင်စာရင်းကောက်ယူရေး တရားဝင်ဆွေးနွေး ခြင်းလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အခြေစိုက် ကရင်ဒုက္ခသည်ကော်မတီ(KRC)ကမူ ထိုင်းနယ် စပ်ရှိ ဒုက္ခသည်စခန်းများသို့ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်ကို အစိုးရနှင့် KNU တို့ အ ကြောင်းကြားထားခြင်းမရှိဟု ဥက္ကဋ္ဌစောရောဘတ်ထီးက မဇိ္ဈမကို ပြောသည်။

ခန်ချနပူရီခရိုင်အတွင်းရှိ စံခပူရီမြို့တွင် နေထိုင်သည့် မွန်အမျိုးသား နိုင်ကဆော့မွန်က “ဒီဘက်မှာတော့ ထန်းဟင်နဲ့ ဖန်အုန်းရန်ဆိုပြီး စခန်းနှစ်ခုရှိတယ်။ သူတို့တွေ ပြည်တွင်းသန်းခေါင်စာရင်းကောက်တဲ့ထဲမှာ ပါမလားဆိုတာတော့ ပြောဖို့ခက်တယ်။ သူတို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အောက်မှာဆိုတော့ မပါနိုင်ဘူးထင်တယ်။ အဲဒီမှာက မွန်၊ ကရင်၊ ကရင်နီတွေရောပြီး ရှိတယ်။ တကယ် ဆိုရင်တော့ ပါသင့်ပါတယ်”ဟု သုံးသပ်သည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများသည် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်း အချိန်မှစ၍ ကရင်စစ်ပြေးဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ တာ့ခ်ခရိုင် (Tak) ကန်ချန်နပူရီခရိုင်(Kanchanaburi) ရာ(ခ်ျ)ပူရီခရိုင်(Ratchburi)နှင့် မယ်ဟောင် ဆောင်ခရိုင်(Mae Hongson)အတွင်း စခန်းခုနစ်ခုတွင် ခိုလှုံနေရသည်။ အဆိုပါစခန်းများတွင် ကရင် ဒုက္ခသည် တစ်သိန်းသုံးသောင်း၊ အခြားသော စခန်းနှစ်ခုတွင် ကရင်နီ၊ ရှမ်း၊ ထားဝယ်၊ မွန်ဒုက္ခသည် စုစု ပေါင်းနှစ်သောင်းခန့် ခိုလှုံနေရသည်ဟု ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် TBC (Thailand Burma Consortium)အဖွဲ့က ထုတ်ပြန်ထားသည်။

Mizzima

No comments:

Post a Comment