နှစ်စဉ် သောက်သုံးရေ ရှားပါးခြင်း ပြဿနာကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် သောက်သုံးရေ ရရှိရေးနှင့် သစ်တောစိုက်ခင်း ထူထောင်ရေး စီမံကိန်းအတွက် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) က အမေရိကန်ဒေါ်လာ
၂ သန်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနထံမှ သိရသည်။အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနနှင့် KOICA တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း စီမံကိန်း ဧရိယာတွင် သစ်တောစိုက်ခင်းဧက ၆၀၀ စိုက်ပျိုးရန်နှင့် စီမံကိန်းအနီး ကျေးရွာ ၂၀ တွင် သောက်သုံးရေ ရရှိရေးအတွက် အဝီစိတွင်းများ တူးဖော်ခြင်း၊ သောက်သုံးရေကန်များ ပြန်လည် တူးဖော်ခြင်း စသည့်တို့ကို ယခု ၂၀၁၄ ခုနှစ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် KOICA တို့က ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment