address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 3, 2014

အာဆီယံ လူငယ်ဖိုရမ် တက်ရောက်မည့် မြန်မာ ကိုယ်စားလှယ်များ မွန်ပြည်နယ်တွင် တွေ့ဆုံမည်





3.3.2014



အာဆီယံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို မြန်မာ့လူငယ် ကိုယ်စားလှယ်များ တက်ရောက်နိုင်ရန် အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် မတ်လ ၄ ရက်နေ့၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ တွေ့ဆုံ ပွဲ (Myanmar Youth Forum) ပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လူငယ် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့မြင့်က ပြောကြားသည်။

ယင်းလူငယ် တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားပြု ရွေးချယ်ခံရသည့် ကိုယ်စားလှယ် ၄၀၀ နီးပါး တက်ရောက်မည် ဖြစ်ကြောင်းနှင့် ယင်းတွေ့ဆုံပွဲတွင် အာဆီယံလူငယ် ကွန်ဂရက် တက်ရောက်မည့် မြန်မာလူငယ် ကိုယ်စားလှယ် ၇၀ ဦးခန့်ကို ရွေးချယ်မည် ဖြစ်ကြောင်း Myanmar Youth Forum ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးဖုန်းမြတ်ဟန်က ပြောကြားသည်။

လူငယ် တွေ့ဆုံပွဲကို မွန်ပြည်နယ်မှ မွန်တိုင်းရင်းသား လူငယ် ကိုယ်စားလှယ်၊ ကရင်တိုင်းရင်းသား လူငယ် ကိုယ်စားလှယ်၊ ဗမာတိုင်းရင်းသား လူငယ် ကိုယ်စားလှယ်နှင့် ပအို့ဝ်တိုင်းရင်းသား လူငယ် ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦး တက်ရောက်မည် ဖြစ်ကြောင်းနှင့် ယင်းဆွေးနွေးပွဲကို သုံးရက် ကျင်းပသွားမည် ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့မြင့်က ဆက်လက် ပြောဆိုသည်။

ယင်းဆွေးနွေးပွဲ အတွက် အဓိက ဆွေးနွေးမည့် အကြောင်းအရာကို အတိကျ မသိရှိ ရသေးသော်လည်း မွန်ပြည်နယ် လူငယ် ကိုယ်စားလှယ်များက တရားဥပဒေ စိုးမိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ မူးယစ်ဆေးဝါး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး၊ ပညာရေးတို့ကို ဦးစားပေး အဆင့်များအဖြစ် ရွေးချယ်ထားကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ပထမအကြိမ် ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် မွန်ပြည်နယ်၌ ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment