address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, December 25, 2013

မောင်ကိန်းရွှေဆိုင် တစ်ကိုယ်တော် ဓားပြတိုက်သူ ဖမ်းဆီးခံရ


25.12.2013

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်ရှိ နာမည်ကျော် မောင်ကိန်း ရွှေဆိုင်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အမည်မသိ အမျိုးသားတစ်ဦး သေနတ် ကိုင်ဆောင် ဝင်ရောက်လာကာ သေနတ် ပစ်ဖောက်၍ ရွှေထည်ပစ္စည်း ၁၁ ခုကို ယူဆောင်ပြီး ဆိုင်ရှေ့မှ ထွက်ခွာချိန် တွင် ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင် တွေ့ရှိသူများနှင့် ဆိုင်ဝန်ထမ်းများက ပြောကြားသည်။

ကိုးကန့်လူမျိုး တစ်ကိုယ်တော် သေနတ်သမားမှာ ဆိုင်အတွင်း သေနတ် ပစ်ဖောက်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်၍ ဆိုင်ကယ် မောင်းထွက်စဉ် ဆိုင်ဝန်ထမ်း တစ်ဦးက ဝင်ရောက် လုံးထွေး ဖမ်းဆီးရာမှ ဘေး ပတ်ဝန်းကျင်ကပါ ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွှေဆိုင် ဝန်ထမ်းများထံမှ သိရသည်။
“ဆိုင် ထဲမှာ သေနတ်နှစ်ချက် ပစ်လိုက်တယ်။ ဆိုင်အပြင်ဘက်မှာ သုံးချက် ပစ်လိုက်တယ်” ဟု ခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

တစ်ကိုယ်တော် ဓားပြတိုက်သူမှာ မျက်နှာကို မျက်နှာဖုံးဖြင့် အုပ်ထားပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လာစဉ် ဆိုင်အဝင်ဝရှိ ဆိုင်ဝန်ထမ်းက ဘာအလိုရှိပါသလဲမေးရာ လက်ပြကာပြီး ဆိုင်အတွင်းသို့ ဝင်ကာ ညာ ဘက်ထိပ်ဆုံး မှန်ကောင်တာကို တူဖြင့်ထုကာ ရွှေထည်ပစ္စည်းများ ထည့်ယူသွားပြီး ဆိုင်အပြင် မထွက်ခင် ဆိုင်ကောင်တာအား သေနတ်ဖြင့် နှစ်ချက် ပစ်ခဲ့ကြောင်း ဆိုင်အပြင် ဘက်ရောက်ချိန်တွင် သေနတ် ထပ်မံပစ်ခတ်ရာ လမ်းသွားလမ်းလာ ဖြစ်သူ အသက် ၇၂ နှစ်ခန့် အမျိုးသားတစ်ဦး ညာဘက် ဒူးခေါင်း ဒဏ်ရာရသွားကြောင်း မှုခင်း ဖြစ်ပွားရာ ရွှေဆိုင်အနီး ရောက်ရှိနေသူ တစ်ဦးထံမှ သိရသည်။

ဓားပြတိုက်မှု ကျူးလွန်သူကို ဆိုင်ဝန်ထမ်းနှင့် ဘေးပတ်ဝန်းကျင်က ဖမ်းဆီးရာ ဒဏ်ရာရရှိမှုကြောင့် သတိလစ် မေ့မြောခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်နင့် ပြင်ပလူနာဌာနသို့ ရဲတပ်ဖွဲဝင်များက ပို့ဆောင် ကုသခဲ့ရာ ည ၉ နာရီတွင် သတိရနေပြီ ဖြစ်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ကျူးလွန်သူ သုံးစွဲသည့် သေနတ်မှာ အီတလီနိုင်ငံထုတ် ပစ္စတို အမျိုးအစား ခဲရောင် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ အမှတ် ၈ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇ ၊၃၈၆ ၊ ၃၉၂ တို့အရ အမှုဖွင့် ဆောင်ရွက်ထားပြီး ယူသွားသည့် ရွှေကလစ် ၁၀ ခုအား သက်သေခံ ပစ္စည်းအဖြစ် ထိန်းသိမ်း ထားရှိကြောင်း ခရိုင်ရဲမှူးက ထပ်မံပြောကြားသည်။“ရွှေဆိုင်ကို ပုံမှန်အ တိုင်း မ နက်ဖြန်လည်း ဖွင့်မှာပါ” ဟု မောင်ကိန်း ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ရွှေဆိုင် ဖွင့်လှစ်ရာတွင် လမ်းမတန်းနှင့် ဝင်ထွက် လွယ်သည့် ဆိုင်များအနေနှင့် ရွှေခိုးမှု၊ လုယက်မှု အများဆုံး ဖြစ်နိုင်ခြေ ရှိတတ်ကြောင်း မန္တလေးမြို့ခံ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment