25.12.2013
ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်မှု၊ ဆေးသွားကုမှု နေ့စဉ် မြင့်တက်နေသော မြန်မာနိုင်ငံ တွင် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ နေရာတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးမှ ရဲမှူးမြင့်အောင်က ပြောကြားသည်။“ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ဘယ်နေ့ စ လုပ် မယ် ဆိုတာတော့ မသိသေးပါဘူး။ တရားဝင် ကြေညာ ပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ဆောင်နေသူများနှင့် နီးစပ်သူများကမူ ၂၀၁၄ ဇန်နဝါရီလဆန်းပိုင်း တွင် အဆိုပါ ရုံးများ ဖွင့်လှစ်ဖွယ် ရှိသည်ဟု ပြောဆိုသည်။
ထပ်မံ ဖွင့်လှစ်မည့် ရုံးများတွင်လည်း နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် ကုန်ကျ စရိတ်အတိုင်း သတ်မှတ်ထားသည့် ရက်တွင် ယင်းရုံးခွဲများတွင် ပြန်လည် ထုတ်ယူ နိုင်ကြောင်းလည်း ပြည် ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးထံမှ သိရသည်။
“ကောင်းတာပေါ့။ နယ်ကလူတွေ အလုပ်လည်း မပျက်တော့ဘူး။ အချိန်ကုန်၊ ငွေကုန်သက်သာလို့ အများကြီး အကျိုးရှိပါတယ်” ဟု ပြည်ပသို့ တရားဝင် အလုပ်သမား ပို့ဆောင်ခွင့် ရရှိထားသော Swann Royal ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မိုးထွန်းက ပြောကြားသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် တည်ရှိပြီး၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ထပ်မံဖွင့်လှစ်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment