address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 5, 2014

နယ်စပ်ဒေသနှင့် မူးယစ်ဆေးဝါးအန္တရာယ်

နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်နှင့် ထိစပ်နေသော နိုင်ငံများသည် ထိုနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ အချို့သည် ကုန်းမြေချင်းထိစပ်၍ အချို့သည် မြစ်၊ ချောင်း၊ ပင်လယ်၊ သမုဒ္ဒရာများဖြင့် ထိစပ်နေကြသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါနိုင်ငံအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံ၊
ကူးသန်းရောင်းဝယ်ကြရာ၌ နယ်စပ်ဒေသ ၀င်/ထွက်ပေါက်များသည်လည်း အဓိကအခန်းကဏ္ဍတွင် ရှိနေသည်။

နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုအပေါ်မူတည်၍ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးမှုပုံသဏ္ဌာန်လည်း ကွဲပြားသည်။ မြန်မာနိုင်ငံသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့် အရှေ့မြောက်တွင် ထိုင်း၊ လာအို၊ အနောက်ဘက်တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့် စီးပွားရေး၊ လူမှုရေးကူးလူးဆက်ဆံမှု သတင်းကောင်းများရှိသလို မူးယစ်ဆေးဝါးများ ပျံ့နှံ့ဝင်ရောက်သော မကောင်းသတင်းများလည်း ရှိနေသည်။

တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ဖမ်းဆီးရမိမှုအရ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၉ ဒသမ ၇ သန်းရှိသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် တရုတ်-မြန်မာ နယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဝင်ရောက်နေကြောင်းနှင့် မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-လာအို နယ်စပ်ဒေသများမှ စိတ်ကြွရူးသွပ်ဆေးပြားများ ပြည်တွင်းသို့ ၀င်ရောက်နေကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးဝါး ဖမ်းဆီးရရှိမှုတွင် နယ်စပ်ဒေသများ၌ အများဆုံး ဖမ်းဆီးရမိကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထိုအခါ နယ်စပ်ဒေသများ၏ ၀င်ထွက်ပေါက်များကို ပြန်လည်ဆန်းစစ်ပါက မြန်မာ-တရုတ် နယ်စပ်ဝင်/ထွက်ပေါက်များမှာ ကျန်အိမ်နီးချင်းနိုင်ငံများထက် ပိုမိုများပြားနေသည်။

တရားဝင်သတ်မှတ်ထားသော ၀င်/ထွက်ပေါက်များမှာ ကန်ပိုက်တီး-ဟွဂျိုး၊ လွယ်ဂျယ်-ကျန်းဖန်၊ နမ့်ခမ်း-နောင်ဒါအို၊ မူဆယ်-ရွှေလီ၊ ကြူကုတ်-၀မ်တိန်၊ ရန်လုံကျိုင်း-နမ့်ဆန်၊ ချင်းရွှေဟော်-မန်တိန်း၊ မိုင်းလား-တာ့လော်တို့ ဖြစ်သည်။

ထို့ပြင် မြန်မာနှင့် တရုတ်အစိုးရတို့အကြား နယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို ၁၉၉၇ ခုနှစ် မတ်လအတွင်းက လက်မှတ်ရေးထိုးထားသည်။
နယ်စပ်ဒေသများတွင် နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် စီးပွားရေးအရ၊ ကျန်းမာရေးအရ၊ ယဉ်ကျေးမှုအရစသည့် ပုံသဏ္ဌာန်မျိုးစုံဖြင့် နှစ်နိုင်ငံပြည်သူများ ကူးလူးဆက်ဆံလျက်ရှိကြသည်။ မိမိတို့နိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်စိမ်းကဲ့သို့ အဖိုးတန်ရတနာများသည် တရားဝင်ကုန်သွယ်မှုဖြင့် လည်းကောင်း၊ တရားမ၀င်နည်းလမ်းများဖြင့် လည်းကောင်း အိမ်နီးချင်းတရုတ်နိုင်ငံသို့ တင်ပို့နေချိန်တွင် မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက် တင်သွင်းလာမှုများ၌ တရားမ၀င်တင်သွင်းလာသည့် စိတ်ကြွရူးသွပ်ဆေးပြား ဆေးဝါးများပြားလာသည်ဟုဆိုသောကြောင့် အဆိုပါအန္တရာယ်ကို အလေးထားဂရုပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Eleven Media Group

No comments:

Post a Comment