address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 5, 2014

ရှစ်ဦးအသက်ရှင်လျက် စစ်တွေမြို့သို့ ရောက်ရှိနေ

ထိုင်းနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားသော ငါးဖမ်းလှေတစ်စင်း နိုင်ငံတကာရေလက်ကြားတွင် နစ်မြုပ်ခဲ့ရာ သင်္ဘောသား တစ်ဦး သေဆုံးခဲ့ပြီး ကျန်ရှစ်ဦးမှာ ရေနံရှာဖွေနေသော
သင်္ဘောက ကယ်တင်ခဲ့သဖြင့် အသက်ရှင်ခွင့်ရရှိခဲ့ရာ အဆိုပါသင်္ဘောမှ စစ်တွေမြို့တာဝန်ရှိသူများထံ အကြောင်းကြား အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါငါးဖမ်းသင်္ဘောသည် ထိုင်းနိုင်ငံ အခြေစိုက်ငါးဖမ်းသင်္ဘောဖြစ်ပြီး ရနောင်းမြို့၊ ဖန်ဖလားဆိပ်ကမ်းမှ ဒီ ဇင်ဘာ ၂၈ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာလာခဲ့စဉ် စက်လှေပေါက်ကာ ဇန်န၀ါရီ ၂ ရက် နံနက် တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၃ ရက် နံနက်ပိုင်းတွင် ရေနံရှာဖွေနေသော သင်္ဘောတစ်စင်းနှင့်တွေ့ဆုံခဲ့သဖြင့် အသက်ရှင်ခွင့်ရ ရှိခဲ့ကြောင်း၊ ယခုအခါတွင် စစ်တွေမြို့ ဦးရဲကျော်သူ ကျောင်းတိုက်တွင် တည်းခိုလျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လှေသားတစ်ဦးဖြစ်သူစိုးမိုးနိုင်က “ထိုင်းနိုင်ငံသား နှစ်ဦးနဲ့ မြန်မာနိုင်ငံသား(ထိုင်းနေ) ခုနစ်ဦးပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲကို သွားတာပါ။ အဲဒီမှာလေဗိုက်ပေါက်တော့ ပထမရေတွေကို ပက်ထုတ်တာ မနိုင်တော့၊ လှေကမြုပ်သွားတယ်။ အဲဒီမှာ ဖော့သီးတွေကို ကိုင်ပြီးမျောတော့တာပဲ။ တစ်ညနဲ့တစ်ရက် မျောနေခဲ့တယ်။ ကယ်မယ့်သူမတွေ့ရင် သေသွားနိုင်တယ်။ သေတဲ့သူကတာ့ လက်ထောက်ပဲ့နင်းလည်းဖြစ်၊ စက်ဆရာလည်း ဖြစ်တဲ့ ထိုင်းလူမျိုး ဗဘညေ ၄၆ နှစ် ဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါလှေသည် ငါးမျှားချိတ်များဖြင့် ငါးမျှားသည့် ငါးဖမ်းလှေအမျိုးအစားဖြစ်ကြောင်း၊ လက်ရှိအနေထားတွင် စစ်တွေမြို့ရှိ သက်ဆိုင်ရာမှ ကျွေးမွေးထားသော်လည်း ထိုင်းနိုင်ငံသို့ ပြန်လိုကြောင်းလည်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လှေသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်ကျော်(ဘ)ဦးကြည်ဝင်း၊ ၃၉ နှစ်က “ကျွန်တော်တို့က မြန်မာနိုင်ငံသားဆိုပေမယ့် ထိုင်းမှာ အခြေချနေထိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းကို ပြန်ချင်တယ်။ ကျွန်တော်တို့ လှေပိုင်ရှင်ကို ဆက်သွယ်နေပါတယ်။ အဆက်အသွယ်ရတာလည်း နည်းနည်းခက်နေတော့ ဘာလုပ်ရမှန်း မသိဘူး။ အဓိကတော့ ထိုင်းကိုပြန်ရောက်ဖို့ပဲ။ လှေပိုင်ရှင်ကတော့ ဒိုင်ဝှီပါ။ ထိုင်းနိုင်ငံသားပါပဲ”ဟုလည်း ပြောကြားခဲ့သည်။

ထိုထိုင်းငါးဖမ်းလှေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ သွားရောက်ကာ ငါးဖမ်းရန် သွားရောက်ခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့ သို့ဖြစ်ရခြင်းအပေါ် လှေသားများက စိုးရိမ်ကြောင်းလည်းသိရသည်။ ကယ်ဆယ်သူရှိသဖြင့် အသက်မသေခဲ့သော်လည်း ထိုင်းနိုင်ငံသို့ အမြန်ရောက်လိုကြောင်းလည်း ပြောကြားခဲ့သည်။

အသက်ရှင်ခွင့်ရသူရှစ်ဦးမှာ Mr.ma sula Phon အသက် ၅၇ နှစ်၊ ထိုင်းနိုင်ငံသား၊ ကပ္ပတိန်နှင့် ထိုင်းနိုင်ငံနေ မြန်မာနိုင်ငံသားများ ဖြစ်ကြသော ဦးသိန်းထွန်း၊ ဦးအောင်ကျော်၊ ဦးမင်းစိုး၊ ဦးစိုးမြင့်၊ ဦးဇော်မိုး၊ ဦးစိုးမြင့်နိုင်၊ ဦးဇော်မိုးလေးတို့ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

(စစ်တွေမြို့ပေါ်ရောက် ထိုင်းငါးဖမ်းလှေပေါ်မှ လှေလုပ်သားများအား တွေ့ရစဉ်)

No comments:

Post a Comment