address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, January 5, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်ပါဝင်မှု အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ ပါဝင်မှု အရေးကြီးကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။


လွှတ်တော်အသီးသီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်က မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင်လည်း ၄င်းက ထပ်မံ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ် ဆိုတာကို တပ်မတော်က သိဖို့လိုတယ်" ဟု ၄င်းကဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အင်မတန် အရေးကြီးပြီး တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ကြည်ညိုလေးစားသော အမျိုးသား ရင်ကြားစေ့ရေး အခြေပြုသည့် တပ်မတော် ဖြစ်ရန် လိုအပ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း ၇၅ နှုန်း ကျော်က သဘောတူညီရမည်ဟု အခြေခံဥပဒေ ပါရှိပြီး လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် အခက်အခဲများ ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ များက ပြောကြားထားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်ကို ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပေးပို့ထားပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

ပြည်ထောင်စုလွှတ်တော် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက် များကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ် အတွင်းက ပြောကြားထားသည်။

ယင်းသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေး နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်မူ ယင်း ကိစ္စနှင့် ပတ်သက်၍ ပြောဆိုခဲ့ခြင်းမရှိပေ။ 

ပြည်ထောင်စု တိုင်းရင်းသားများ အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ကြိုးပမ်း အကောင်အထည်ဖော်ရေးတို့ ဆောင်ရွက်ကြရန် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာတွင် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းထားသည်။

The Voice Weekly

No comments:

Post a Comment